မုဒိမ်းကျင့်ခံရသည့် ၁၀ နှစ်အရွယ် မိန်းကလေး ကိုယ်ဝန်ဖျက်ချရန်ကိစ္စ အိန္ဒိယတရားရုံး ပယ်ချ

ဦးလေးဖြစ်သူရဲ့ မုဒိမ်းကျင့်ခံရသူ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ကိုယ်ဝန် ဖျက်ချဖို့ကိစ္စကို ကိုယ်ဝန်အရင့်အမာ ဖြစ်နေတာကြောင့် အိန္ဒိယနိုင်ငံတော် တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း သိရပါတယ်။ ရက်သတ္တပတ် ၃၂ ပတ်ရှိနေတဲ့ ကိုယ်ဝန်ကို ဖျက်ရမယ့်ကိစ္စက “အရမ်းအန္တရာယ်များတယ်” လို့ ဆရာဝန်ဘုတ်အဖွဲ့က တရားရုံးကို ပြောခဲ့တာပါ။ မိန်းကလေး ဗိုက်အောင့်လို့ ပြောရာကနေ မိဘတွေက သူမကို ဆေးရုံခေါ်သွားပြီး စစ်ဆေးလို့ ကိုယ်ဝန်ရှိတယ်ဆိုတာသိခဲ့ရပြီး အစောပိုင်းတုန်းက အောက်တရားရုံးကလည်း ဒီကိုယ်ဝန်အခြေအနေကြောင့်ပဲ ဖျက်ရမယ့်ကိစ္စကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ဆေးမှတ်တမ်းအသေးစိတ်ကို ဖော်ပြခြင်းမရှိပဲ ကိုယ်ဝန်ဖျက်ချတာက “မိန်းကလေးအတွက် မကောင်းဘူး” လို့ တရားသူကြီးတွေက ဇူလိုင်လ ၂၈ ရက်နေ့က ပြောခဲ့တာလို့ ဆိုပါတယ်။ rape1 အိန္ဒိယမြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ချန်ဒီဂါမြို့က အစိုးရပိုင် ဆေးပညာနဲ့ သုတေသန အင်စတီကျုဆေးရုံမှာ မိန်းကလေးကို သင့်တော်တဲ့ ဆေးဝါးကုသမှုပေးဖို့ တရားသူကြီးတွေက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒီမိန်းကလေးလို အမှုမျိုးတွေကို ချက်ခြင်းဆုံးဖြတ်ချက် ချနိုင်ဖို့ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်တိုင်းမှာ အမြဲတမ်းဆေးဘုတ်အဖွဲ့တွေ တည်ထောင်ထားရှိဖို့  နိုင်ငံတော် တရားရုံးချုပ်က အစိုးရကို အကြံပေးခဲ့ပါတယ်။ မိန်းကလေးအနေနဲ့ အသက်အန္တရာယ် ကင်းရှင်းစွာ ကိုယ်ဝန်ဖျက်ချနိုင်မလားဆိုတာကို ဆန်းစစ်ဖို့ နိုင်ငံတော်တရားရုံးချုပ်က ဆရာဝန်တွေကို ဇူလိုင် ၂၄ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။ မိန်းကလေးကို စစ်ဆေးခဲ့တဲ့ ဆရာဝန်တွေက မိန်းကလေးရဲ့အသက်အရွယ်ကြောင့် သူမရဲ့တင်ပဆုံရိုးတွေ ကောင်းစွာမဖွံ့ဖြိုးသေးလို့ မိခင်ရော ကလေးပါ အသက်အန္တရာယ် အရမ်းရှိတယ်လို့ ပြောခဲ့တာပါ။ မိန်းကလေးရဲ့မိသားစုတွေက အရမ်းဆင်းရဲပြီး ဖခင်က အစိုးရဝန်ထမ်းဖြစ်ကာ မိခင်က အိမ်အကူ အလုပ်လုပ်တယ်လို့ သိရပါတယ်။ မိန်းကလေးဟာ ပြီးခဲ့တဲ့ ၇ လအတွင်း ဦးလေးဖြစ်သူရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်တာ ခံခဲ့ရတာဖြစ်ပြီး  ဦးလေးဖြစ်သူကိုတော့ ဖမ်းထားပါတယ်။ မိန်းကလေးက သူမရဲ့အခြေအနေကို မသိရှိတာကြောင့် သူမရဲ့ကိုယ်ဝန်ကိစ္စကို သိတ်မကြာသေးခင်ကမှ သိခဲ့တာလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆရာဝန်တွေက မိခင်အသက်အန္တရာယ် ရှိတယ်လို့ အတည်ပြုပြောကြားရင် ကိုယ်ဝန် ရက်သတ္တပတ် ၂၀ ကျော်လာတဲ့အခါ ဖျက်ချဖို့ ဥပဒေက ခွင့်မပြုဘူးလို့လည်း ဘီဘီစီသတင်းမှာ ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up