မန္တလေးလယ်သမားသပိတ်စခန်းကို အင်အားသုံးဖြိုခွင်း
နော်နိုရင်း
·
July 28, 2017
လယ်သမားအခွင့်အရေးအတွက် မန္တလေးမြို့မှာ သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်နေကြတဲ့ လယ်သမားသပိတ်စခန်းကို ဒီကနေ့မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွင်းလိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်း မြေယာပြဿနာတွေနဲ့ ပတ်သက်လို့ တောင်သူလယ်သမားတွေအပေါ် တရားစွဲဆိုတာကို ဖျက်သိမ်းပေးဖို့၊ လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းရာမှာ မှန်မှန်ကန်ဖြေရှင်းပေးဖို့ မန္တလေးမြို့ ၆၂ လမ်း၊ ၂၄လမ်း ၂၅ လမ်းကြားမှာ အလုပ်သမား သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြနေတာဖြစ်ပါတယ်။
ဒီကနေ့မနက်မှာတော့ သပိတ်စခန်းကို ဖြိုခွင်းခံခဲ့ရတယ်လို့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ သပိတ်ခေါင်းဆောင် ဦးမောင်စိုးကပြောပါတယ်။
“မနက် ၂ နာရီမှာ ကျနော်တို့ သပိတ်စခန်းဖြိုခွင်းခံရတာ။ အဲမှာ ကျနော်တို့ သပိတ်စခန်းခေါင်းဆောင်က ရဲဘော်ကိုစိုးလွင်နဲ့ ကျနော်နဲ့ပေါ့ဗျာ။ လောလောဆယ်မှာ ပုဒ်မ ၁၉ နဲ့ ၂၀ နဲ့ လောလောဆယ် တရားစွဲဆိုပြီး အာမခံပေးထားတယ်။ ကျန်တဲ့သူတွေကိုတော့ သူတို့ဌာနေကို ပြန်ပို့ပေးတယ်”
ဦးဆောင်ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ တွေနဲ့ အမှတ် (၁) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
လယ်သမားတွေရဲ့ သပိတ်စခန်းကို ဇူလိုင် ၆ ရက်ကတည်းက မန္တလေးတိုင်းဒေသကြီးအ တွင်းရှိမတ္တရာ၊ ပုသိမ်ကြီး၊ စဥ့်ကိုင်၊ ပြင်ဦးလွင်၊ မြစ်သား၊ ငဇွန်အစရှိတဲ့မြိုနယ်တွေက တောင်သူ လယ်သမားတွေ စုပေါင်းပြီးဖွင့်လှစ်ထားတာပါ။
သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေရတာနဲ့ပတ်သက်လို့ သပိတ်ခေါင်းဆောင် ဦးမောင်စိုးက “မန္တလေးတိုင်းအတွင်းရှိ တောင်သူလယ်သမားတွေကို ပုဒ်မမျိုးစုံနဲ့ တရားစွဲတဲ့ကိစ္စတွေကို ဖျက်သိမ်းပေးဖို့၊ မန္တလေးတိုင်းအတွင်းရှိ တောင်သူလယ်သမားတွေနဲ့တကွ တောင်သူလယ်သမားအရေးဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကို ပုဒ်မမျိုးစုံနဲ့ တရားစွဲတဲ့ကိစ္စတွေကို ဖျက်သိမ်းပေးဖို့၊ လယ်ယာမြေပြသနာတွေကိုဖြေရှင်းတဲ့နေရာမှာ မှန်မှန်ကန်ကန်တိတိကျကျ ဖြေရှင်းပေးဖို့ တောင်းဆိုတာပါ။ ”လို့ပြောပါတယ်။
ဆန္ဒပြနေသူတွေကို အာဏာပိုင်တွေက ဇူလိုင် ၁၆ ရက်မှာတကြိမ် ၁၇ ရက်နေ့က တကြိမ် တွေ့ဆုံခဲ့ပြီး လယ်သမားတွေဘက်က ဆက်လက်ဆန္ဒပြနေတဲ့အတွက် သပိတ်စခန်း ဖြိုခွင်းခံရ တာဖြစ်ပါတယ်။
လောလောဆယ် မန္တလေးတိုင်းအတွင်းမှာ ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ တောင်သူ တရာကျော်ရှိပြီး အမှုပေါင်း ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။
တရားစွဲဆိုခံရတဲ့တောင်သူတွေဟာ သိမ်းဆည်းခံလယ်မြေအတွက် လှုပ်ရှားရင်း ကျူးကျော်မှု ပုဒ်မ ၄၄၇ ၊ အကျိုးဖျက်စီးမှု ပုဒ်မ ၄၄၀၊ ပုဒ်မ ၂၉၄၊ ၊ အစရှိတဲ့ ပုဒ်မတွေနဲ့တရား စွဲဆိုခံနေရတာလို့လည်း ပြောပါတယ်။