Home
မြန်မာသတင်း
ဖြူးမြို့မရဲစခန်းအနီး ဆိုင်ကယ်ဘေးတွဲတစီး မီးထလောင်၊ ယာဉ်မောင်းထွက်ပြေး
DVB
·
July 27, 2017
  ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မရဲစခန်းအနီးမှာ ဒီနေ့ ညနေ ၄ နာရီခွဲလောက်က ဘေးတွဲ ဆိုင်ကယ်တစီး မောင်းစဉ်မီးထလောင်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားတဲ့အတွက် ပတ်ဝန်းကျင်နေပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတယ်လို့ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။ "မီးလောင်တာ ဟုတ်ပါတယ်။ သုံးဘီးဆိုင်ကယ်ပါ။ မောင်းလာတဲ့အချိန်မှာပဲ ဆီယိုပြီး အပူချိန်နဲ့ မီးထလောင်တာပါ။ သိပ်ပြီးပျက်စီးမှုတော့ မရှိပါဘူး။ ယာဉ်မောင်းကတော့ ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်။ ကျနော်တို့ သွားပြီးမီးသတ်ခဲ့တာပါ။ ကျနော်တို့က မီးလောင်ရင် သက်သေ ဖြစ်ပါတယ်။ ရဲတပ်ဖွဲကပဲ တရားလိုလုပ်ပြီး အမှုဖွင့်ပါလိမ့်မယ်"လို့ ဖြူးမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါ မီးလောင်မှုမှာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၁/၆ ဖာလုံနဲ့ ၇ ဖာလုံအကြား ဈေးရပ်ကွက်ဖြူးမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ "လောင်တာကလည်း တကယ်လူစည်ကားတဲ့နေရာ ဈေးနား ကားဂိတ်နား ရဲစခန်းနားမှာကို လောင်တာ။ မီးထလောင်တော့ ဆိုင်ကယ်သမားကထားခဲ့ပြီး ထွက်ပြေးတယ်။ တော်သေးတာပေါ့ ပေါက်ကွဲတာတို့ဘေးကို မီးကူးတာတို့မဖြစ်လို့ သိပ်ပြီး အန္တရာယ်များတဲ့နေရာမှာဖြစ်တာပါ"လို့ မီးလောင်ရာမှာ ကူညီသူတဦးက ပြောပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဖြူးမြို့မရဲတပ်ဖွဲစခန်းကို ဆက်သွယ်ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024