မိုးဆက်လက်ရွာသွန်းပါက ပဲခူးမြို့ပေါ်ရပ်ကွက်အချို့ ရေကြီးနစ်မြုပ်နိုင်ဟု မိုးဇလ သတိပေး
DVB
·
July 24, 2017
မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းပါက ပဲခူးမြို့ပေါ်ရပ်ကွက်အချို့ ရေကြီးနစ်မြုပ်နိုင်ကြောင်း မိုးဇလဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက သတိပေး ပြောကြားလိုက်ပါတယ်။
“ပဲခူးမြစ်ရေအမှတ်ဟာ ဒီနေ့ ၁၂ နာရီ တိုင်းတာချက်အရ ၈၆၅ စင်တီမီတာအထိ ရောက်ရှိနေပြီး စိုးရိမ်အမှတ်ကိုရောက်ဖို့ ၁၅ စင်တီမီတာသာ လိုတော့တဲ့အတွက် လက်ရှိအနေထားမှာ ဒီရေ တက်နေတာရယ်၊ ပြီးတော့ မိုးသည်းထန်စွာ ဆက်ရွာမယ်ဆိုရင် ပဲခူးမြို့ပေါ်ရပ်ကွက်တချို့ ရေကြီးနစ်မြုပ်နိုင်တယ်”
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ပဲခူးမြို့က မြေနိမ့်ပိုင်း ရပ်ကွက်တချို့မှာ ရေဝင်ရောက်နေတာပါ။
ဒီနေ့မှာတော့ ကျွန်းသာယာ၊ ကလျာဏီ၊ ကျောက်ကြီးစု၊ အိုးလေးစု၊ ဇိုင်းဂနိုင်းတောင်ပိုင်းနဲ့ မဇင်းရပ်ကွက်တို့မှာ ရေဝင်ရောက်မှု ပိုများလာပြီး တချို့နေရာမှာဆို ၄ ပေလောက်အထိ ရေနစ်မြုပ်နေတာတွေ ရှိတဲ့အတွက် လှေတွေနဲ့ သွားလာနေရပါတယ်။
“ကယ်ဆယ်ရေးစခန်းတွေကိုတော့ မဖွင့်ရသေးပါဘူး။ ပဲခူးမြစ်ရေအမှတ်ဟာ စိုးရိမ်အမှတ်ဖြစ်တဲ့ ၈၈၀ စင်တီမီတာ ဖြစ်တဲ့အတွက် အဲဒီအချိန်ကျမှ ကျနော်တို့ကနေ ထွေအုပ်တို့၊ ဘာတို့ သက်ဆိုင်ရာကို အကြာင်းကြားပေးမှ သူတို့အနေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို ဖွင့်မှာဖြစ်တယ်” လို့ မိုးဇလဌာန တာဝန်ရှိသူက ပြောပါတယ်။