ကော့သောင်းမြို့ ဘန်ခွမ်းကျေးရွာတွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ
DVB
·
July 24, 2017
ကော့သောင်းမြို့၊ ချမ်းဖမ်းကျေးရွာအုပ်စု၊ ဘန်ခွမ်းကျေးရွာမှာ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက ဘိန်းစာမှုန့်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းမြို့မစခန်းက ပြောပါတယ်။
ကော့သောင်းမြို့နယ် ချန်းဖမ်းကျေးရွာအုပ်စု ဘန်ခွန်းကျေးရွာနေ ဦးမက်မီး (၄၂-နှစ်) ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းအရ ဒုရဲအုပ်သက်ပိုင်ဦး ဦးစီးနယ်ထိန်းအဖွဲ့နဲ့ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့တို့က ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ရာ နေအိမ် အိပ်ခန်းအတွင်းရှိ ဆာလာအိတ်အတွင်း ပလတ်စတစ်အိတ်ငယ်တွေနဲ့ ထည့်ထားတဲ့ တထုပ်ကို အလေးချိန် ၅၀ ဂရမ်ခန့်ပါ ဘိန်းစာမှုန့်ထုပ် ၂၈ ထုပ် သိမ်းဆည်းရမိခဲ့ပါတယ်။
ဘိန်းစာမှုန့်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဦးမက်မီး(၄၂-နှစ်) ကို ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းက မယ(ပ)၅၀/၂၀၁၇ မယပုဒ်မ ၁၅/၁၆(ဂ)/ ၂ဝ(က) အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ ဒုစခန်းမှူး ရဲအုပ်အေးကြိုင်က ဒီဗွီဘီကို ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး