သစ်ပင်ပေါ်မှ ပြန်ဆင်းမရသည့် ကြောင်ကလေးကို မိခင်က စိုးရိမ်တကြီးလိုက်ခေါ်သည့်ရုပ်သံ ရေပန်းစား

သစ်ပင်ပေါ်တက်ဆော့နေတဲ့ ကြောင်ကလေးကို မိခင်ကြောင်မကြီးက စိတ်ပူပြီး လိုက်ခေါ်နေတဲ့ ရုပ်သံဗွီဒီယို ခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ ကမ္ဘာပေါ်ကသတ္တဝါတွေကိုချစ်ပါလို့ အဓိပ္ပာယ်ရတဲ့ Loveนะสัตว์โลก ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေါ် ဇွန်လ ၈ ရက်နေ့က တင်ထားတဲ့ နှစ်မိနစ်နီးပါးကြာ ဗွီဒီယိုဖိုင်ထဲမှာ သစ်ပင်ပေါ်တက်ဆော့နေတဲ့ ကြောင်ကလေးကို မိခင်ကြောင်မကြီးက စိတ်ပူစွာနဲ့ နောက်ကလိုက်ခေါ်ပြီး ပါးစပ်နဲ့ကိုက်ချီ ပြန်ခေါ်လာဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကြောင်ကလေးချီပြီး သစ်ပင်ပေါ်က ပြန်ဆင်းလာရမှာ မလွယ်ကူတာကြောင့် နောက်ဆုံး မိခင်ကြောင်မကြီးဟာ သစ်ပင်ပေါ်ကနေ ပြန်ဆင်းသက်ပုံကို ပြသခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် မိခင်က အရင်ပြန်ဆင်းလာပြီး ကြောင်ကလေးကို ပြန်မော့ကြည့်နေပါတယ်။ ကြောင်ကလေးလည်း မိခင်က ဆင်းပြသလို နောက်ပြန်အရင်ဆင်းပြီးမှ အောက်ကို ဘေးကင်းစွာနဲ့ ပြန်ရောက်လာပါတယ်။ သားသမီးပေါ် မေတ္တာကြီးမားတဲ့ မိခင်ကြောင်မကြီးနဲ့ တတ်သိသင်ယူလွယ်တဲ့ ကြောင်ကလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up