လားရှိုးရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ အားလုံး ပိတ်သိမ်းမည်
အောင်ဆန်းဦး
·
July 12, 2017
ရှမ်းပြည်နယ် လားရှိုးမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေအားလုံးကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောပါတယ်။
ဇူလိုင် ၁၂ ရက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ နမ္မတူမြို့နယ်အမတ် မေးမြန်းတဲ့ ပြည်တွင်းစစ်ဘေးသင့် ပြည်သူတွေတွေအတွက် သစ်တောကြိုးဝိုင်းမှာ ခေတ္တနေထိုင်ဖို့နဲ့ ရေရှည်အသက်ရှင်ရပ်တည်နိုင်ဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ဖို့နဲ့ လူသားဘဝ လုံခြုံရေးအတွက် ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုတဲ့ မေးခွန်းအပေါ် ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။
“လားရှိုးသာသနာ့နယ်မြေ သာသနာ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ နန့်ဆမ်ဘုန်းတော်ကြီးကျောင်း၊ လင်းခင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ နောဖို့ကျေးရွာအုပ်စု လွင်နန့်ရွာ ဘုန်းတော်ကြီးကျောင်းတွေကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင် ၄၂၆ ဦး ရှိပါတယ်။ ၎င်းတို့ရဲ့နေရပ်ကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းတွေကိုလည်း အားလုံး ပိတ်သိမ်းမှာ ဖြစ်တယ်"လို့ သိရှိရပါတယ်။
စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ပြောပါတယ်။