Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
July 11, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု အရှေ့ကုန်း ကူးဆိပ်ရွှေမှော်မှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပါတယ်။ ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ဒုရဲမှူးမြင့်နိုင်ဦးက အနီးကပ်ကြီးကြပ်ပြီး ရဲအုပ်ကျော်စိုးလင်း ဦးစီးအဖွဲ့က မူးယစ်ဆေးဝါး ရောင်းချတဲ့ တဲထဲကို ဝင်ရောက်ရှာဖွေရာ ရွှေမောင်၊ ကျော်မြင့်၊ စောမြင့်အောင်၊ ချစ်တင်တို့ ၄ ဦးနဲ့အတူ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား ၁၇၄ ပြား၊ ဘိန်းဖြူ ၁ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူး၊ ဘိန်းဖြူ ၁ ဒသမ ၁ ဂရမ်ခန့်ပါ ပင်နယ်ဆလင် ပုလင်း ၁ လုံးနဲ့ စိတ်ကြွဆေးပြား သုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာ ၅ ဘူးတို့ကို ဖမ်းမိခဲ့ပါတယ်။ သူတို့ ၄ ဦးကို မေးမြန်းရာ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖိုးချိုဆီက ဝယ်ယူခဲ့တာ ဖြစ်ပြီး အရှေ့ကုန်းကျေးရွာနေ ဖိုးတုတ်က ရောင်းချခိုင်းထားတာ ဖြစ်တယ်လို့ ထွက်ဆိုချက်အရ ဖိုးတုတ်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဖိုးတုတ်နဲ့ ဖိုးချိုတို့ နှစ်ဦးကို တွေရှိခဲ့ပါတယ်။ ဖိုးတုတ် ကိုင်ထားတဲ့ D-2 တံဆိပ်ပါ အနက်ရောင် ကျောပိုးအိတ်ထဲက ဘိန်းဖြူ ဆပ်ပြာခွက် တခွက်မှာ ၁၁ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၄၂ ခွက်၊ ၀ ဒသမ ၃ ဂရမ်ခန့်စီပါ ပင်နယ်ဆလင် ပုလင်း ၅ လုံး၊ ၄ ဒသမ ၆ ဂရမ်ခန့်ပါ ပလတ်စတစ် ကော်ဘူး ၁ ဘူး စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၄၆၈ ဒသမ ၁ ဂရမ်ခန့် ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ငယ်တွေနဲ့ ထည့်ထားတဲ့ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား တထုပ်ကို ၂၀၀ ပြားစီပါ အထုတ် ၆၀၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၂၀၀၀ ပြား၊ U.T.A Classic MCD AK 200 စာတန်းပါ အရှည် ၃ ပေ ၆ လက်မရှိ လေသေနတ် ၁ လက်၊ ငွေစက္ကူ သိန်း ၆၀ ကျပ်၊ ငွေစက္ကူရောရာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၀၆၈ သိန်းကျပ်ခန့် ဖမ်းမိခဲ့တာပါ ။ အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ နေထိုင်တဲ့ အောင်မင်းဆီက ငွေကျပ်သိန်း ၁၀၀ နဲ့ ဝယ်ယူခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ညက မိုးမိတ်မြို့ကနေ သရက်ကုန်း ကူးဆိပ်ရွှေမှော်ကို ဆိုင်ကယ်နဲ့ သယ်ဆောင်သွားတာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံ အောင်မင်းကို ဖမ်းဆီးရမိရေး ဆောက်ရွက်နေပြီး ရွှေမောင်၊ ကျော်မြင့်၊ စောမြင့်အောင်၊ ချစ်တင်၊ ဖိုးတုတ်၊ ဖိုးချိုတို့ ၆ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေ ပုဒ်မတွေအရ အမှုဖွင့် အရေးယူထားကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ သတင်း - သီဟဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024