ကမ္ဘာ့ရှားပါး ဟိမဝန္တာဝက်ဝံလေးနှစ်ကောင် ကျန်းမာလျက်ရှိကြောင်း သစ်တောတာဝန်ရှိသူပြော
ပိုင်စိုး
·
June 2, 2017
ဗန်းမောက်မြို့နယ်က ရရှိထားတဲ့ ကမ္ဘာ့ရှားပါးစာရင်းဝင် ဟိမဝန္တာဝက်ဝံလေး ၂ ကောင် (Himalayan Black Bear/ Asiatic Black Bear) ကို မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှာ ပြုစုစောင့်ရှောက်ထားပြီး ကျန်းမာနေတယ်လို့ တိုင်းဒေသကြီး သစ်တော တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“ကျွမ်းကျင်တဲ့ ဆရာဝန်တွေက စောင့်ရှောက်ပေးထားတယ်။ တကယ် ကျန်းမာသန်စွမ်းနေတာ တွေ့ရပါတယ်။ သူတို့ကို တိရစ္ဆာန်ရုံမဖွင့်နိုင်ခင်အထိ ထိန်းသိမ်းထားမှာပါ” လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။
တောထဲက ဖမ်းမိထားတဲ့ ဝက်ဝံလေး ၂ ကောင်ကို မတ်လ ၅ ရက်နေ့မှာ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ကတဆင့် တိုင်းသစ်တောကို အပ်နှံလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
“ဒီလို တိရစ္ဆာန်တွေကို ဒေသခံတွေက ဖမ်းမိထားတာ ရှိတယ်။ ငယ်သေးတော့ တောထဲကိုလည်း ပြန်မလွှတ်နိုင်ဘူး။ တိရစ္ဆာန်ရုံကိုကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ပို့လို့ မရဘူး။ ဒါမျိုးတွေကိုစုပြီး တိရစ္ဆာန်ရုံ အသေးလေး ဖွင့်လှစ်နိုင်ဖို့ တိုင်းအစိုးရက စီစဉ်နေတာတော့ ရှိတယ်” လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဟုမ္မလင်းမြို့က ရရှိတဲ့ ရှားပါး အင်းကျား ၂ ကောင်ကို သစ်တောဦးစီးဌာနကို လာရောက်အပ်နှံခဲ့ပါသေးတယ်။