ရုရှားထံမှ ခေတ်မီလက်နက်များ ဝယ်ယူလိုကြောင်း ဖိလစ်ပိုင်သမ္မတ ပြော

ဓာတ်ပုံ - ရိုက်တာ
ရုရှားသမ္မတ ပူတင်နဲ့ မေလ ၂၃ ရက်နေ့က တွေ့ဆုံရာမှာ အိုင်အက်စ်တွေကို တိုက်ထုတ်ဖို့ ရုရှားဆီက ခေတ်မီလက်နက်တွေ ဝယ်ယူလိုတယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက “မင်ဒါနာအိုမှာ ပြဿနာတက်နေတယ်ဗျာ။ အိုင်အက်စ်တွေက ပြည်နယ်တခုကို သိမ်းလိုက်ပြီ။ တိုက်ပွဲဖြစ်နေတုန်းပဲ။ ကျနော် အိမ်ပြန်မှဖြစ်မယ်။ ဒီလိုအခြေအနေမှာ ကျနော်ရှိနေသင့်တယ်။ နောက်ပြီး အမေရိကန်ဆီက လက်နက်မှာထားတာကို ဖျက်လိုက်ပြီဗျ။ ဒီတော့ အခု ကျနော် အခက်တွေ့နေတယ်။ ခင်ဗျားတို့ဆီက လက်နက်ဝယ်ဖို့ လိုအပ်တယ်ဗျာ” လို့ ပြောကြားခဲ့ပါတယ်။ ဒူတာတေးက ဖိလစ်ပိုင်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် သူ့အနေနဲ့ မော်စကိုလည်ပတ်မယ့် ခရီးစဉ်ကို ရပ်ပစ်ရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း “ခင်ဗျားနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ သေဆုံးမှုတွေအတွက် ဝမ်းနည်းစကားဆိုချင်ပါတယ်။ ဒါကလည်း အကြမ်းဖက်တိုက်ခိုက်မှု အကျိုးဆက်ပဲလေ။ ခင်ဗျားပြောနေတဲ့ ပဋိပက္ခကို ဆုံးရှုံးမှု အနည်းဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ ပူတင်က ရုရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up