အကျဉ်းထောင်ဥပဒေရေးဆွဲရန် ဆွေးနွေး
နေဖြိုးဝင်း
·
May 23, 2017
အကျဉ်းထောင်ဥပဒေရေးဆွဲဖို့အတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) တို့ မေလ ၂၂ ရက်က နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
လက်ရှိ မြန်မာပြည်အကျဉ်းထောင်တွေဟာ လူသတ်မှုတွေ ကျုးလွန်ဖို့ ဒါမှမဟုတ် မာဖီးယားဂိုဏ်းတွေအတွက် လူသစ်စုဆောင်းတဲ့ ဌာနဖြစ်နေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆွေးနွေးပွဲအပြီး မီဒီယာတွေကို ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှုမှာ လူသတ်မှုကို ကျုးလွန်ခဲ့တာက ထောင်ထွက်တွေ ဖြစ်နေတယ်။ ဆိုတော့ ဒီထောင်ထွက်တွေက ထောင်ထဲမှာ သူတို့ အချင်းချင်း သိလာတယ်။ ဒီသိလာတဲ့လူတွေက ဒီလိုကြီးမားတဲ့ လူသတ်မှုကြီးကိုတောင် လုပ်လာပြီ မာဖီးယားဂိုဏ်းဆန်ဆန်တွေ ဖြစ်လာတယ်။ ဒါက နိုင်ငံတကာထောင်တွေမှာလည်း ဒါမျိုး ဖြစ်နေတာမျိုးတွေ ရှိတယ်။ မြန်မာနိုင်ငံထောင်တွေက ဒါမျိုးကို ဖြစ်လာပြီ။ ရာဇ၀တ်မှုကလည်း ဒီနေ့ ထောင်ကလွတ်ပြီဆို မနက်ဖြန် ထပ်ပြီးတော့ ကျုးလွန်တယ်။ ပြီးတော့ အခုဟာက စနစ်တကျနဲ့ ကျူးလွန်တဲ့ဟာမျိုးတွေ ဖြစ်လာတယ်။ ဒါက လူ့အဖွဲ့အစည်းအတွက် အရမ်းအန္တရာယ် ရှိတယ်။ အဲအတွက် အကျဉ်းထောင်စနစ်ကို ပြုကို ပြုပြင်ပြောင်းလဲရမယ်။"
အကျဉ်းထောင်စနစ် ပြုပြင်ဖို့အတွက် လောလောဆယ် အကျဉ်းထောင်တွေမှာ လူဦးရေ အရမ်းများနေတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်သိပ်မရှိတဲ့သူတွေ လျှော့ချတာကို ရေတိုလုပ်ငန်းစဉ်အဖြစ်၊ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ရေရှည်လုပ်ငန်းစဉ်အဖြစ်နဲ့ လုပ်သင့်တယ်လို့ ဆိုပါတယ်။
ဒါအပြင် နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သီးခြားထားဖို့ လိုတဲ့အကြောင်းကိုလည်း ဦးဘိုကြည်က "အကျဉ်းသားအမျိုးအစား ခွဲခြားထားတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားဆိုတာကိုလည်း ထောင်ထဲမှာ သီးခြားထားဖို့ လိုပါတယ်။ ပြည်ထဲရေးနဲ့တော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ကိစ္စနဲ့ အငြင်းအခုံဖြစ်နိုင်စရာတွေ အများကြီးရှိပါတယ်" လို့ ပြောပါတယ်။
အကျဉ်းထောင်ဆောက်ရတဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းမှာ အန္တရာယ်ရှိနေတဲ့သူတွေကို ထိန်းသိမ်းပြီး ပြန်လည်ပြုစုပျိုးထောင်ရတာဖြစ်လို့ ဒါကိုလည်း အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့ လိုသလို ဥပဒေကလည်း ဒါကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်တဲ့ ဥပဒေဖြစ်ဖို့ လိုတယ်လို့ ဆိုပါ တယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အကြံပြုဆွေးနွေးချက်တွေကို မူအားဖြင့် သဘောတူခဲ့တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောပါတယ်။
အကျဉ်းထောင်ဥပဒေကို ပြီးခဲ့တဲ့ အစိုးရလက်ထက် လွှတ်တော်သက်တမ်းမှာ ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ချက်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်ခဲ့တာကြောင့် ရပ်ဆိုင်းထားခဲ့ပါတယ်။