မွန်ပြည်နယ် နယ်စပ်နှင့် ရွှေ့ပြောင်းလုပ်သားများအကြား HIV ကူးစက်ခံရသူ များပြား
DVB
·
May 9, 2017
မွန်ပြည်နယ်အတွင်း အစိုးရဆေးရုံဆေးခန်းတွေမှာ HIV ပိုး ကူးစက်ခံရလို့ လာရောက် ဆေးကုသခံယူနေသူ အများစုဟာ အိမ်နီးချင်း ထိုင်းနယ်စပ်နဲ့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် ခုခံအားကျဆင်းမှုရောဂါ/ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာမင်းသူက ပြောပါတယ်။
လာရောက် ဆေးကုသခံယူတဲ့ HIV ပိုးရှိသူ ၂၀၁၄ ခုနှစ်က ၄၁၀ ဦးခန့်သာရှိပြီး ၂၀၁၅ ခုနှစ်မှာ ၉၉၀ ဦးရှိကာ ၂ ဆ တိုးမြင့်တက်သွားပြီး ၂၀၁၆ ခုနှစ်မှာတော့ ၁၈၄၆ ဦးထိ ရှိလာတယ်လို့ ဆိုပါတယ်။
အသက် ၂၀ ကျော်ကနေ ၄၀ ကျော်အရွယ်တွေမှာ ပိုမိုဖြစ်ပွားခဲ့ကြောင်း၊ လိင်တူ လိင်ကွဲ ဆက်ဆံခြင်းကနေ ဖြစ်ပွားမှုတွေ ရှိနေသလို အခုနှစ်အတွင်းမှာ ကလေးသူငယ် ၁၀၁ ဦးလည်း ရောဂါကူးစက်ခံနေရကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောပါတယ်။
HIV ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံမှု နည်းပါးလာနေပြီး ART ဆေးဝါးကိုလည်း ပုံမှန်ထုတ်ပေးနေတယ်လို့ သူက ပြောပါတယ်။
နယ်ဝေးက လူနာတွေကိုလည်း မွန်ပြည်နယ်အခြေစိုက် နိုင်ငံတကာ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး သွေးစစ်ဆေးတာနဲ့ လူစည်ကား အချက်အချာကျတဲ့ ကားဂိတ်နဲ့ တခြားနေရာအနှံ့တွေမှာလည်း ပညာပေးနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇၊ ၂၀၂၀ ခုနှစ်မှာ HIV ဝေဒနာရှင် လူနာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို သွေးစစ်ဆေးပေးပြီး ART ဆေးဝါးရရှိဖို့ ဆောင်ရွက်ပေးသွားမယ့်အပြင် ၂၀၃၀ ပြည့်နှစ်ကျရင်တော့ နိုင်ငံတွင်း ရောဂါခြောက်လှန့်မှု အန္တရာယ်အဆင့်ကနေ အဆုံးသတ်သွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)