Live
Home
မြန်မာသတင်း
မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းကို ပြန်လွှတ်ရန် စစ်တွေတွင် ဆန္ဒပြ
DVB
·
May 8, 2017
မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းကို ပြန်လွှတ်ပေးဖို့ ရခိုင့်အလင်းတံခါးအဖွဲ့အစည်းက မေလ ၇ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့မှာဆန္ဒပြတောင်းဆိုလိုက်ပါတယ်။ မြတန်ဆောင်ဆရာတော်ဦးနန္ဒသာရဟာ အစိုးရကို ဖျက်လိုဖျက်စီးလုပ်နေသူတဦး မဟုတ်သလို့ ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ပတ်သက်မှု မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြရတာလို့ ရခိုင့်အလင်းတံခါးအဖွဲ့အစည်း ဥက္ကဋ္ဌဒေါ်ကျော့စိန်က ပြောပါတယ်။ “မတရားအသင်းဆက်သွယ်တယ်ဆိုပြီးဆရာတော်နဲ့ ခိုင်နီမင်းကိုဖမ်းဆီးလိုက်တယ်။ မကြာသေးခင်က ဆရာတော်က စစ်ပွဲတွေကိုရပ်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့တယ်။ ဆရာတော်က လူမှုအဖွဲ့အစည်းတွေ အတွက် အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တပါးပါ။ အများကောင်းကျိုး အတွက်ဆရာတော်လုပ်နေတာ အစိုးရကိုဖျက်လို ဖျက်စီးကြောင့်လုပ်နေတာလည်း မဟုတ်ဘူး။ အစိုးရကိုလဲ စော်ကားနေတာလည်း မဟုတ်ဘူး။ ဆရာတော်က အေအေနဲ့လည်း ပတ်သက်မှုမရှိဘူးလေ။ ဆရာတော်ကို မတရား ဖမ်းဆီးလိုက်တာအတွက် သူ့ကိုလွှတ်ပေး စေချင်တယ်။” ဆန္ဒပြရာမှာပါဝင်သူတဦးဖြစ်တဲ့ ၈၈ အကျဉ်းသားဟောင်း ကိုနိုင်နိုင်က ရဟန်းတပါးကို အခုလို သင်္ကန်းချွတ် လက်ထိပ်ခတ်ပြီး ဖမ်းဆီးလိုက်တာဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြောပါတယ်။ “အစိုးရ အပြောင်းအလဲဖြစ်တဲ့အချိန် ဒီမိုကရေစီစနစ်ကိုသွားနေတဲ့အချိန်မှာ ဒီလိုရဟန်းတော်တပါးကို သင်္ကန်းချွတ်ပြီး လက်ထိတ်တန်းလန်းနဲ့ ဖမ်းဆီးလိုက်တာကတော့ ကျနော်တို့ လုံးဝကန့်ကွက်ပါတယ်။ ဒါက စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ အစိုးရ သစ်လက်ထက်မှာ ဘာသာရေးအရလမ်းကြောင်းကသာ ဆုံးဖြတ်ပြီးတော့ တရားဥပဒေကြောင်းအရ သွားစေချင်ပါတယ်။” ဆန္ဒပြသူတွေက မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းတို့အား ချက်ချင်းလွှတ်ပေးရေး၊ ရဟန်းသံဃာများအား အစိုးရမှလေးစားပါ။ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကိုအစိုးရမှ လေးစားပါ။ အစိုးရမှ တိုင်းရင်းသားများကို လေးစားပါ။ မတရားအသင်းဥပဒေကို ဖျက်သိမ်းပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ ပိုစတာ စတာတွေ ကိုင်ဆောင်ပြီး မြို့ပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဧပြီ ၁၀ ရက်နေ့မှာကျရောက်တဲ့ ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့တဲ့ မြတန်ဆောင်ဆရာတော်ဦးနန္ဒာသာရနဲ့ ကိုခိုင်နီမင်းတို့ မတရားအသင်း အက်ဥပဒေ ပုဒ်မ၁၇(၁)နဲ့ ဧပြီ ၁၀ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။   သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ-မာယုမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024