ဆရာတော်ဦးဥတ္တမရုပ်တု ကျောက်ဖြူမြို့တွင်ထားရှိမည်
DVB
·
May 1, 2017
မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော်ဦးဥတ္တမရဲ့ ကြေးသွန်းရုပ်တုကို သွန်းလုပ်ပြီးစီးသွားပြီဖြစ်ပြီး ကျောက်ဖြုမြို့ရှိ ဦးဥတ္တမပန်းခြံမှာ ထားရှိဖို့ စီစဉ်နေပါတယ်။
မြောက်ဦးမြို့မှာ သွန်းလုပ်ပြီးစီးတဲ့ ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်တု ဉာဏ်တော်အမြင့် ၇ ပေ ၁ လက်မခွဲ ရှိပြီး ကြေးသွန်းရုပ်တု ပြုလုပ်တဲ့အချိန် ၄ လ ကျော် ကြာမြင့်ခဲ့ပါတယ်။
ဆရာတော်ဦးဥတ္တမရုပ်တုကို မြောက်ဦးမြို့ ပန်းပုဆရာကြီး ဦးကျော်သာညွန့်က သွန်းလုပ်ခဲ့ပြီးတော့ ကြေးသွန်းလုပ်မှု ကုန်ကျငွေ သိန်း ၁၀၀ ကုန်ကျခဲ့တာပါ။
ဦးဥတ္တမရုပ်တု ဖြစ်မြောက်ရေးအဖွဲ့ ဒုက္ကဋ္ဌ ဦးလှမျိုးကျော်က “ဦးဥတ္တမရုပ်တုကို ၂၀၁၅ ခုနှစ်ကတည်းက သွန်းလုပ်ဖို့အတွက် စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က စစ်ဘေးရှောင်နဲ့ ရခိုင်ပြည်မြောက်ပိုင်း ရေကြီးခဲ့တာကြောင့် ငွေးကြေးတော်တော်ကုန်ကျခဲ့ပါတယ်။ ကျနော် မှတ်မိ သလောက်ဆိုရင် အကြိမ်ကြိမ်အလီလီ သိန်း ၉၀၀ ကျော်ဖိုးလောက် အလှူပေးခဲ့တာကြောင့် တစ်နှစ်လောက် နောက်ကျသွားပါတယ်။ မနှစ်က ၂၀၁၆ ခုနှစ် ၁၁ လပိုင်းမှာ မဖြစ်မနေ မြောက်ဦးက ဆရာကြီးဦးကျော်သာညွန့်ဆီမှာပဲ အပ်ပါတယ်။ ကျနော်တို့ လုပ်တဲ့အချိန်ကတော့ ၄လောက်ကျော်ကျော်လောက်ကြာပါတယ်”လို့ ပြောပါတယ်။
အခုသွန်းလုပ်ပြီးစီးတဲ့ ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်တုကို ကျောက်ဖြူမြို့ သာသနာ ဗိမာန်မှာခေတ္တ အပူဖော်ခံထားပြီး အဲဒီကတဆင့် ဆရာတော်ဦးဥတ္တမပန်းခြံကို မကြာခင် ပင့်ဆောင်ပြောင်းရွှေ့ဖို့လဲပြင်ဆင်နေပါတယ်။
ဦးဥတ္တမရုပ်ထုဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုအောင်စောသိန်းက“ဒီရုပ်ထုကိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကျေးဇူးရှင်ဆရာတော် ဦးဥတ္တမ၊ မြန်မာနိုင်ငံ သာမကပဲ အာရှ တခုလုံးမှာ ထင်ရှားကျော်ကြားခဲ့တဲ့အတွက် ဆရာတော်ကိုဂုဏ်ပြုပူဇော်တဲ့အနေနဲ့တည်ထား ကိုးကွယ်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်ရဲ့အနာဂတ် မျိုးဆက် သစ်လူငယ်တွေ အနေနဲ့လည်း ဆရာတော်ရဲ့အကြောင်းအရာတွေကိုပိုပြီး လေ့လာနိုင်အောင်၊ သိရှိနိုင်အောင် ဆရာတော်နဲ့ ပတ်သတ်တဲ့ အမျိုးသားအားမာန်တွေရော ကျနော်တို့ ရရှိနိုင်အောင် ရည်ရွယ်ပြီးတော့ တည်ထား ကိုးကွယ်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။
မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေက ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၉ ရက်နေ့ ကို ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်ကျင်းပလေ့ရှိပါတယ်။
ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောကြားမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံခဲ့ရပြီး ၁၉၃၉ခု၊ စက်တင်ဘာ ၉ ရက်မှာ ပျံလွန်တော်မူခဲ့ပါတယ်။
သတင်း - ၀ဏ္ဏခွာညို