၁၂ နှစ်ကျောင်းသူကို ကျောင်းရေအိမ်တွင်း အုပ်စုဖွဲ့အနိုင်ကျင့်ရိုက်နှက်သည့်ရုပ်သံ ပျံ့နှံ့

အမေရိကန်နိုင်ငံ အလယ်တန်းကျောင်းတကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသူမိန်းကလေးတဦးကို အုပ်စုဖွဲ့ အနိုင်ကျင့်ရိုက်နှက်ခံခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကင်တပ်ကီပြည်နယ်၊ လူးဝစ္စဗီးလ်မြို့၊ ခရော့စ်ဘီ အလယ်တန်းကျောင်းရဲ့ ရေအိမ်အခန်းတွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီ ကျောင်းသူမိန်းကလေးရဲ့ မိခင်ဖြစ်သူ ဟိုလီကင်းကတော့ သမီးဖြစ်သူရဲ့ ဦးခေါင်းနဲ့ ပခုံးတွေ နေရာအနှံ့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် မနက်ပိုင်း ၁၁ နာရီလောက်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီမိန်းကလေးကို တယောက်က မျက်နှာကို ဖြတ်ရိုက်ခဲ့ပြီး နောက်တယောက်က ကြမ်းပြင်ပေါ်မှာ အဆက်မပြတ် ထိုးနှက်နေခဲ့တာကို တွေ့ရပါတယ်။ “သမီးကို အရေးပေါ်ခန်းထဲ ခေါ်သွားချိန်မှာ ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်မသွားခဲ့လို့ ကံကောင်းသွားတာလို့ သူတို့က ပြောပါတယ်” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက အခင်းဖြစ်ပြီးတဲ့နောက် အရေးယူမှုတွေကို အလျင်မြန်ဆုံး ဆောင်ရွက်တာမျိုး မရှိသေးတဲ့အတွက် လက်ရှိမှာတော့ မိခင်ဖြစ်သူ ဟိုလီကင်းက ပြစ်တင်ပြောဆိုနေပါတယ်။ မိသားစုဝင်တွေကတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရှေ့နေတွေ ငှားရမ်းပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိသားစုရှေ့နေတဦးဖြစ်သူ တက်ဒီဂျော်ဒန်ကတော့ “ခရော့စ်ဘီ အလယ်တန်းကျောင်းက သားမြေးတွေ ဘယ်သူမှ လုံခြုံမှုမရှိဘူး” လို့ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up