ထိုင်းရဲကားကို မူးယစ်ဂိုဏ်းကားများ တိုက်ပြီးထွက်ပြေး၊ ရဲက ပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် ချင်းဆဲန်မြို့နယ်ထဲမှာ ဧပြီ ၂၇ ရက်နေ့ မနက်အစောပိုင်းက ရဲကားကိုတိုက်ပြီး ထွက်ပြေးသွားတဲ့ မူးယစ်ဂိုဏ်းကားပေါ်ကနေ စိတ်ကြွဆေး ၄ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး ၁၄၉ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အိမ်နီးချင်း တဘက်နိုင်ငံကနေ ဒေသထဲကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်လို့ ကြိုတင်သိရှိထားချက်အရ အမှတ် ၃ ဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက ချင်းဆဲန်မြို့နယ်တွင်း နယ်လှည့်စစ်ဆေးမှုပြုစဉ် ကား ၂ စီးကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ကား ၂ စီးက မရပ်ဘဲ ကျိန်းခေါင်မြို့နယ်ဘက်ကို ထွက်ပြေးသွားကြောင်း၊ သူတို့ထွက်ပြေးရာ လမ်းကြောင်းပေါ်မှာ ရဲကားတစီးက အရှေ့ကနေ ကန့်လန့်ဖြတ် ပိတ်ဆို့ထားပေမယ့် အဲဒီကားက တိုက်ပြီး ထွက်ပြေးသွားလို့ ကားတာယာကို ပစ်ဖောက်ဖမ်းဆီးခဲ့ရတယ်လို့ တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။ အဲဒီကား ၂ စီးကို စစ်ဆေးရှာဖွေရာမှာ အိတ် ၃၇ အိတ်နဲ့ထည့်ထားတဲ့ စိတ်ကြွဆေး အလုံးပေါင်း ၄၀၁၆၀၀၀ (လေးသန်းတသောင်းခြောက်ထောင်) နဲ့ အလေးချိန် ၁၄၉ ကီလိုဂရမ်ရှိ အိုက်စ်ရေခဲမူးယစ်ဆေးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဒီအမှုမှာ တောင်ပေါ်တိုင်းရင်းသားလူမျိုး မုန့်လူမျိုး နိုင်းယာဖာ့သီ ရှဲ့ယန့်နဲ့ နိုင်းဆဒ်ချိုင်း ရှဲ့ယန့်တို့ကို ဖမ်းဆီးရမိပြီး ကျန်တဲ့ ၃ ဦးကတော့ ကားပေါ်ကနေ ဆင်းပြေးကာ မဲခေါင်မြစ်ထဲ ခုန်ချထွက်ပြေး လွတ်မြောက်သွားတယ်လို့ တာဝန်ကျရဲက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up