Home
မြန်မာသတင်း
ခန္တီးမြို့မှာ တပ်မတော်က တန်ဖိုးနည်း ထမင်း ဟင်းများ ရောင်းချ
DVB
·
April 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ တပ်မတော်က ဒေသခံတွေကို တန်ဖိုးနည်း ထမင်းနဲ့ဟင်းလျာတွေ ဒီကနေ့မနက် ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ခန္တီးမြို့ စစ်ဗျူဟာမှူးရုံး ဗိုလ်ကြီးသန့်ဇင်အောင်က “ကျနော်တို့ကို တပ်မတော်စစ်ဦးချုပ်ရုံးကနေ ညွှန်ကြားခဲ့တယ်။ ထမင်းတပွဲ ၁၀၀ ကျပ်နဲ့ ဟင်းတပွဲကို ၃၀၀ ကျပ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ညွှန်ကြားထားတယ်။ အခု ပြည်သူတွေက ကုန်ဈေးနှုန်း တက်လာတော့ အဆင်မပြေမှု ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ တပ်မတော်ကနေ ပြည်သူတွေ အဆင်ပြေအောင် ထမင်းနဲ့ဟင်းကို တန်ဖိုးနည်းစွာနဲ့ ခန္တီးမြို့မဈေးတန်းရှေ့မှာ ရောင်းခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ခုလိုရောင်းချပေးတဲ့အတွက် ထမင်း ဟင်း ဝယ်စားရတာ အဆင်ပြေတဲ့အကြောင်း ခန္တီးဒေသခံတွေကပြောပါတယ်။ ခန္တီးဒေသခံ ကိုအောင်မျိုးက“ခန္တီးဒေသခံပြည်သူတွေအတွက် ဒါမျိုး လုပ်ပေးတာ အဆင်ပြေပါတယ်။ အခုလို ရောင်းချပေးတဲ့အတွက် မရှိဆင်းရဲသားတွေ လာရောက်ဝယ်နိုင်တယ်” လို့ ပြောပါတယ်။ “ဒီလို လုပ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ တချို့လူတွေက မဝယ်နိုင်ဘူးလေ။ အခု ဈေးနှုန်းချိုသာစွာ လုပ်ပေးတဲ့အတွက် ကျမတို့ဝယ်စားတဲ့သူတွေ ပိုပြီးအဆင်ပြေတယ်” လို့ ဟင်းလာဝယ်တဲ့ ခန္တီးဒေသခံ မပြည့်ဖြိုးထွန်းက ပြောပါတယ်။ တပ်မတော် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဒေသခံပြည်သူတွေ စားရေး အထောက် အကူဖြစ်စေဖို့အတွက်  တန်ဖိုးသင့် ထမင်းဟင်းလျာတွေ ရောင်းချပေးနေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွေက ထွက်ရှိတဲ့  အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥတွေကို  ချက်ပြုတ်ပြီး တန်ဖိုးသင့် ထမင်းဟင်းလျာတွေကို နိုင်ငံတ၀န်းမြို့တွေနယ်တွေမှာ ခုလဆန်းပိုင်းလောက်ကတည်းက စတင်ရောင်းချပေးနေတာဖြစ် ပါတယ်။ သတင်း - အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024