ဧရာဝတီတိုင်းတွင် မုန်တိုင်းအတွင်း လူ ၄ ဦး သေ၊ အိမ်အလုံး ၆၀ ခန့် ပျက်စီး
သော်ဇင်မျိုး
·
April 17, 2017
ဧရာဝတီတိုင်းမှာ မာရသာ မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၄ ဦး သေဆုံးခဲ့ပြီး အိမ်အလုံး ၆၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။
“ဟင်္သာတမြို့နယ်၊ သဲကြီးကုန်းကျေးရွာမှာ အပင်လဲကျပြီးတော့ အသက် ၅၀ အရွယ် ယောင်္ကျားကြီးတယောက် ဆုံးသွားတာ ရှိပါတယ်။ လပွတ္တာမြို့နယ်မှာပဲ မိုးကြိုးပစ်ပြီးတော့ လူ ၁ ဦး သေဆုံးသွားတယ်။”
ဒါ့အပြင် လပွတ္တာမြို့နယ်မှာပဲ ဓာတ်လိုက်ပြီးတော့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ တဲအိမ်အပါအဝင် အိမ်အလုံး ၃၁ လုံး၊ လပွတ္တာမြို့နယ်မှာ အိမ်အလုံး ၂၉ လုံး ပျက်စီးခဲ့ပြီး ဖျာပုံခရိုင်အတွင်းမှာတော့ ကျားဖောင်တွေ ပင်လယ်ထဲမျောပါတာတွေ ရှိခဲ့ပါတယ်။
သေဆုံးသူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး တိုင်းဦးစီးရုံးကနေ အမြန်ဆုံးကူညီထောက်ပံ့တာတွေပြုလုပ်နေပြီး နေအိမ်ပျက်စီးသူတွေကိုတော့ နီးစပ်ရာ ဆိုင်ကလုံးရှပ်တာတွေမှာ ကူညီကယ်ဆယ်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ လူသေဆုံးတဲ့သတင်း မကြားရဘဲ အဆောက်အဦ ပျက်စီးဆုံးရှုံးတဲ့သတင်းတွေပဲ ကြားရပါတယ်။
မြန်မာနိုင်ငံကို ဧပြီ ၁၆ ရက်ညက ဝင်ခဲ့တဲ့ မာရသာဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းအရောက် ဒီနေ့မှာ အားပျော့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။