Home
မြန်မာသတင်း
ထိုင်းဆုန်ကရန်ပွဲတော်တွင်း လူငယ်ဂိုဏ်းအုပ်စုချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွား
DVB
·
April 15, 2017
ရေကစားသူတွေက ပွဲတော်အတွင်း သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဧပြီလ ၁၃ ရက်နေ့က အယုဒ္ဓယမှာ သေနတ်ပစ်ခတ် အကြမ်းဖက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးထားပါတယ်။ ဖရာနက်ခွန်စီ အယုဒ္ဓယရဲ့ နာမည်ကြီးနေရာဖြစ်တဲ့ ဝက်တ်ဖူခေါင်ထောင်မှာ ည ၇ နာရီခွဲ လောက် ရေကစားကြရင်း ဘန်စိုင်ခရိုင်က လူ ၄ ဦး အခြားလူငယ်အုပ်စုရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်း ခံခဲ့ရတယ်လို့ အယုဒ္ဓယရဲက ပြောခဲ့တာပါ။ နောက် ၂ နာရီကြာပြီးတဲ့နောက် ဆုန်ကရန်ရေသဘင်ပွဲတော် ကျင်းပရာနေရာဖြစ်တဲ့ ဖရာနက်ခွန်စီ အယုဒ္ဓယက အယုဒ္ဓယပါ့ခ်ဈေးဝယ်စင်တာကြီးရဲ့ ကားရပ်နားရာနေရာမှာ လူငယ်ဂိုဏ်းအုပ်စု တစုက သူတို့ရဲ့ပြိုင်ဖက်တွေကို သေနတ်နဲ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တယ် လူ ၇ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ရဲကပြောပါတယ်။ ကိုင်ဆောင်တဲ့လက်နက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်ခြင်း မရှိသေးပဲ ဖမ်းဆီးမှုလည်း မလုပ်ရသေးဘူးလို့ သိရပါတယ်။ အခင်း ၂ ခုစလုံးက ပစ်ခတ်သွားသူတွေရဲ့နောက်ကြောင်းကို ရဲတွေက စုံစမ်းမှုတွေလုပ်နေတယ်လို့ အယုဒ္ဓယရဲ့ ဒုရဲချုပ်က ပြောပါတယ်။ “ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် နေရာနဲ့ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားဆုံးနေရာဖြစ်တဲ့ အယုဒ္ဓယရဲ့ပုံရိပ်ကို သူတို့ ဖျက်ဆီးကြတယ်” လို့ ဒုရဲချုပ်က ပြောလိုက်ပြီး နောက်ထပ်အကြမ်းဖက်မှု လုပ်ရပ်တွေကို ကာကွယ်နိုင်ဖို့ ပိုမိုအင်အားများတဲ့ ရဲတွေနဲ့ လုပ်အားပေးတွေကို တာဝန်ပေးထားတယ်လို့ ဒုရဲချုပ်က ဖြည့်ပြောလိုက်ပါတယ်။ ချုံဘူရီခရိုင်မှာလည်း ရေကစားသူတွေနဲ့ ယာဉ်မောင်းသူတွေကို ရေအပြင် အခြားအရာတွေနဲ့ ပက်လောင်းခဲ့လို့ လူထုကို ထိခိုက်နစ်နာစေခြင်းအမှုနဲ့ လူငယ်ဆယ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်အရွယ် နှစ်ဦးအပါအဝင် လူငယ်ဂိုဏ်းအဖွဲ့က လူတွေကို ရေနဲ့လောင်းပက်ရမဲ့အစား စက်ဆီတွေ ညစ်ညမ်းတဲ့ရေတွေ ငါးချဉ်တွေထည့်ထားတဲ့ ပလတ်စတစ်အိတ်သေးတွေနဲ့ လောင်းပက်ခဲ့လို့ သူတို့ကို ဧပြီလ ၁၂ ရက်နေ့ညက ဖမ်းဆီခဲ့တာလို့ ရဲအရာရှိတစ်ဦးဖြစ်သူ ဂျစ်တီရော့ဒ်ဘန်ရန်က ပြောပါတယ်။ သူတို့ကို ဒဏ်တပ်ပြီးလွှတ်ပေးမှာ မဟုတ်ဘူး လူတွေကို ဒုက္ခရောက်အောင်လုပ်လို့ သင်ခန်းစာပေးတဲ့အနေနဲ့ ရာဇဝတ်မှုတွေနဲ့ တရားရင်ဆိုင်ရမှာလို့ ရဲကဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024