Home
မြန်မာသတင်း
လားဟူလူမျိုးကို ကမ္ဘာသိ​အောင် ဖော်​ထုတ်​ကြရန်တိုက်တွန်း
DVB
·
April 7, 2017
လားဟူတိုင်းရင်းသားလူမျိုးကို ကမ္ဘာသိအောင် ဖော်ထုတ်ကြဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာမှာ ပါတီရုံး ဖွင့်လှစ်ခြင်းနဲ့ ရွေးချယ်ထားတဲ့ ကော်မတီဝင် ၁၁ ဦးကို အသိအမှတ်ပြုခြင်း အခမ်းအနားကို မနေ့က ကျင်းပရာမှာ ပါတီနာယက ဦးကျဘိုကပြောကြားခဲ့တာပါ။ “ပါတီဖွင့်လှစ်ခဲ့တာ ၂၈ နှစ်ရှိပါပြီ။ လူမျိုး ၁၃၅ ထဲမှာ အပါအဝင်ဖြစ်တဲ့ လားဟူလူမျိုးကို ကမ္ဘာသိအောင် ဖော်ထုတ်ကြရမယ်။ မဲပေးနိုင်တဲ့ ၁၈ နှစ်ပြည့်ပြီးသူ လားဟူ တိုင်းရင်းသား အားလုံးကို စာရင်းကောက်ယူထားရမယ်။ မှတ်ပုံတင်ရှိ၊ မရှိလည်း ခွဲခြားကောက်ခံထားရမယ်။ ဒါ ကော်မတီဝင်က စနစ်တကျလုပ်ဖို့လိုတယ်။ အဓိက စည်းလုံးညီညွတ်ကြရမယ်” လို့ ဦးကျဘိုက ပြောပါတယ်။ ပါတီရုံးဖွင့်ပွဲအခမ်းအနားကို လားဟူတိုင်းရင်းသားရေးရာ ပြည်နယ်ဝန်ကြီးဦးယောသပ်နဲ့  ဒေသခံပါတီဝင် ၅၀ လောက် တက်ရောက်ခဲ့ပြီး ဝန်ကြီးနဲ့ ဗဟိုနာယကတို့က ပါတီရဲ့ ရပ်တည်ချက်ဖြစ်တဲ့ မူဝါဒ ၄ ရပ်ကို ဒေသခံလူထု ၁၀၀လောက်ကို ထပ်မံတွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ နိုင်ငံတော်ကို ဦးဆောင်မယ့်ပါတီ မဟုတ်ကြောင်း၊ ဦးဆောင်ပါတီနဲ့ ပူးပေါင်းပြီး ဒေသတွင်း မှီတင်းနေထိုင်တဲ့ လူမျိုးအားလုံးအတွက် ဖွံ့ဖြိုးရေးလုပ်ဆောင်မှာ ဖြစ်ကြောင်း၊ မိမိတို့ လားဟူလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိရောက်စွာ လုပ်ဆောင်မှာဖြစ်ကြောင်း၊ ဘယ်ပါတီရဲ့ လက်အောက်မျှ မခံယူသလို ဆန့်ကျင်တာလည်း မလုပ်ဘူးဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတယ်လို့လည်း ဆိုတယ်။ သတင်း - အောင်ဇေယျ (မိုင်းတုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024