Home
မြန်မာသတင်း
ဒီဗွီဘီနယ်ခံသတင်းထောက်ကို လက်ပံတန်းတွင် ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲ
DVB
·
April 5, 2017
ပဲခူးတိုင်း၊ လက်ပံတန်းရဲစခန်းက ဒီဗွီဘီနယ်ခံသတင်းထောက် ဦးဝဏ္ဏထွန်းကို ဆက်သွယ်ရေးပုဒ်မ ၆၈ (က) နဲ့ ဒီနေ့  ဖမ်းဆီးလိုက်ပါတယ်။ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦး က ဦးဝဏ္ဏထွန်းကို ၆၈ (က)နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ရဲစခန်းက ဒီနေ့ လာအဖမ်းခံဖို့ ပြောတာကြောင့် အဖမ်းခံခဲ့တယ်လို့ ကာယကံရှင် နယ်ခံသတင်းထောက်က ပြောပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဦးဝဏ္ဏထွန်း သတင်းရယူပေးပို့ ထုတ်လွှင့်ခဲ့တဲ့ သတင်းတခုနဲ့ ပတ်သက်လို့ အခုမှ တရားစွဲခံရတာလို့ ပြောပါတယ်။ “တိုင်ထားတာ ကြာပြီ၊ သူတို့က ဘယ်လိုလုပ်ရသလဲဆိုတော့ စက်ရှင်တောင်းတာတို့၊ ဖမ်းခွင့်တင်တာတို့၊ ဥပဒေအကြံတောင်း တင်တာတို့နဲ့ ကြားမှာ ကြာသွားတယ်။ ၁ ရက် ၄ လကျမှ ရဲစခန်းက အကြောင်းကြားတယ်၊ လာရောက် အဖမ်းခံပါ ဆိုပြီးတော့။” ၂၀၁၆ ခုနှစ်အတွင်း လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာမှာ တောင်သူလယ်သမားချေးငွေ ထုတ်ယူတဲ့အခါ အုပ်ချုပ်ရေးမှူးတွေက လယ်သမားမှာ လယ် ၄ ဧကရှိရင် ၁၀ ဧက ပြပြီး ချေးငွေ ထုတ်သုံးကြတယ်လို့ သတင်းရေးသားထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဝဏ္ဏထွန်းကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခဲ့တာဖြစ်ပြီး အခုမှ ပုဒ်မပြောင်းပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးပုဒ်မ ၆၈(က) မှာ မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း၊ သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း လုပ်ခဲ့ရင် ထိုသူဟာ တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမျတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ တရားစွဲတဲ့ ရေငံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးကတော့ ဦးဝဏ္ဏထွန်းရဲ့တပည့် ရဲနိုင်ဆိုသူက ဖေ့စ်ဘွတ်ခ်ပေါ် တင်လို့ တရားစွဲတာလို့ ပြောပါတယ်။ “ကျနော့်ကို လယ်ယာမြေဘဏ်ထုတ်တဲ့ကိစ္စတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တင်လို့လေ၊ သူ့ တပည့် ရဲနိုင် ဆိုတဲ့လူက။” ဦးဝဏ္ဏထွန်းရဲ့ ပြောကြားချက်အရ သူနဲ့အမှုတွဲ ဦးရဲနိုင်ဆိုသူဟာ ထွက်ပြေးနေတယ်လို့ သိရပါတယ်။ ဒီဗွီဘီသတင်းဌာနမှတ်တမ်းတွေအရ အဲ့ဒီသတင်းပေးပို့ချက်ကို ဒီဗွီဘီတီဗီမှာ အသံဖိုင်သုံးပြီး သတင်းရှည် မထုတ်ခဲ့ဘဲ သတင်းတိုအဖြစ်ပဲ ဖတ်ခဲ့ပါတယ်။ ဒီနေ့ အဖမ်းခံခဲ့ရတဲ့ ဒီဗွီဘီနယ်မြေခံသတင်းထောက် ဦးဝဏ္ဏထွန်းကို လက်ပံတန်းမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ဖြူဖြူလတ်က ငွေကျပ် ၁၀ သိန်း အာမခံ ခံဝန်နဲ့ အာမခံ ပေးလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024