ပြည်နယ်တိုင်း ၅ ခုတွင် လေပြင်းတိုက် မိုးသီးကြွေ၊ လူဦးရေ ၁၂၀၀ ကျော် ဘေးဒုက္ခရောက်
DVB
·
April 5, 2017
ရှမ်း၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေး စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ အခုလဆန်းပိုင်း တိုက်ခတ်သွားတဲ့ လေပြင်းနဲ့ မိုးသီးကြွေကျတာကြောင့် လူဦးရေ ၁၂၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့ပြီး အိမ်ခြေ အလုံး ၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း ဧပြီ ၂ ရက်နဲ့ ၃ ရက်တို့မှာ တိုက်ခတ်သွားတဲ့ လေပြင်းနဲ့ မိုးသီးကြွေကျတာကြောင့် အိမ်အလုံး ၁၄၀ လောက် ပျက်စီး၊ လူဦးရေ ၆၉၀ လောက် ဘေးဒုက္ခရောက်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ပါတယ်။
လေပြင်းဒဏ်နဲ့ မိုးသီးကြွေကျတဲ့ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေက ရှမ်းပြည်နယ်မှာ နမ့်ခမ်း၊ သိန္နီ၊ မိုင်းဆတ်၊ ချင်းပြည်နယ်မှာ တွန်းဇံ၊ ကချင်မှာ ရွှေကူ၊ စစ်ကိုင်းတိုင်းမှာ ကျွန်းလှ၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ ၀န်းသို၊ မန္တလေးတိုင်းက တန့်ဆည်မြို့နယ်တို့ဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ကူညီထောက်ပံ့ပေးနေတယ်လို့ အဲဒီဌာနရဲ့ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြည်နယ်တိုင်း ၇ ခုမှာ အချိန်အခါမဟုတ် မိုးရွာ၊ လေပြင်းတိုက်ပြီး မိုးသီးကြွေမယ်လို့ မိုးလေ၀သဌာနက မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အနောက်ဘက်က ရွေ့လျားလာတဲ့ လေအေးတွေနဲ့ ဘင်္ဂလားပင်လယ်အော်က ရွေ့လျားလာတဲ့ လေနွေးတို့ စုဆုံမှုကြောင့် လေထု အခြေမခိုင်မှုဖြစ်ပြီး အဲ့ဒီရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။