ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်ဆီးသူအား ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အမှုဖွင့်
DVB
·
March 30, 2017
မြန်အောင်မြို့နယ်တွင်းက ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တု ဖျက်ဆီးသူကို အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု (၆၁) နဲ့ ဒီနေ့မှာ မြန်အောင်မြို့မရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တဲကြီးကုန်းကျေးရွာရှိ ဘိုးရာဇာစာကြည်ရှေ့မှာ အမှတ်တရထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို မတ်လ ၂၁ ရက်နေ့ ၂ နာရီ ၄၅ မိနစ်လောက်က ဖျက်ဆီးတာ ခံလိုက်ရတာပါ။
"မူလက စိတ်မနှံ့သူဆိုပြီး ရဲတပ်ဖွဲ့က စစ်ဆေးပါတယ်။ စစ်ဆေးချိန်နဲ့ ဗိုလ်ချုပ်ရုပ်ထု ဖျက်ဆီးချိန်တွေမှာ တရားခံဟာ အကောင်းအတိုင်း ရှိနေတာတွေ စစ်ဆေးတွေ့ရှိရလို အဲဒီဖြစ်စဉ်မှာ တရားခံရုပ်တု ဖျက်ဆီးသူကို အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးစေသည့် ဥပဒေပုဒ် မ (၆၁)နဲ့အမှုဖွင့်ပြီ တရားစွဲဆိုမှုကို ယနေ့ မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်လိုက်တာပါ"လို့ မြန်အောင်မြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ထူးနိုင်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဗိုလ်ချုပ်ရုပ်တုကို ၂၀၁၆ ခု ဇွန်လ ၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်ပွဲ လုပ်ပေးခဲ့တဲ့ ရုပ်တုလည်း ဖြစ်ပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ ရုပ်တုဟာ ဖိုက်ဘာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ၅ ပေကျော်၊ တန်ဖိုးငွေ သိန်း ၅၀ ကျော် ရှိပါတယ်။
တရားခံက မူလက စိတ်မနှံ့လို့ စိတ်ရောဂါကု ဆေးရုံတက်ရောက်ကုသဖူးသူလည်း ဖြစ်ပါတယ်။
သတင်း - သန်းထိုက်မြင့်