Home
မြန်မာသတင်း
ဂုဏ်ပြုချီးကျူးထိုက်သူအဖြစ် မျက်မမြင်အမျိုးသမီးငယ် ၁ ဦးကို ရွေးချယ်
DVB
·
March 29, 2017
မျက်စိ ၂ ဖက်လုံး အမြင်အာရုံ ဆုံးရှုံးခဲ့ပေမယ့် ပညာရေးဘက်မှာလည်း ထူးချွန်ပြီး လက်ရှိမှာ မသန်စွမ်းအရေး ဆောင်ရွက်နေတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ်တယောက်ကို ဖေဖော်ဝါရီလ အတွက် ဂုဏ်ပြုချီးကျုးထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်ပါတယ်။ ရခိုင်တိုင်းရင်းသား ဖခင်နဲ့ ဓနုလူမျိုး မိခင်တို့ကနေ မွေးဖွားခဲ့တဲ့ မအေးချမ်းအောင်ဟာ မွေးရာပါ ညာဘက်မျက်လုံး အမြင်အာရုံချို့ယွင်းခဲ့သူဖြစ်ပြီး အသက် ၁၀ နှစ်လောက်မှာ ဘယ်ဘက်မျက်လုံး လည်း လုံးဝအလင်းကွယ်ခဲ့ပါတယ်။ ဒါပေမယ့် မအေးချမ်းအောင်ဟာ မိခင်ဖြစ်သူရဲ့ အားပေးကူညီမှုနဲ့ ကြိုးစားလာခဲ့ရာမှာ ၂၀၀၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ ပထမအဆင့်နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပြီး မန္တလေးနိုင်ငံခြားဘာသာသင်တက္ကသိုလ်ကနေ အင်္ဂလိပ်စာ အဓိကနဲ့ B.A(English) ဘွဲ့ကို ရရှိခဲ့ပါတယ်။ လက်ရှိမှာ မအေးချမ်းအောင်ဟာ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ သူ့လို အမြင်အာရုံ မသန်စွမ်းသူတွေကို ပြန်လည်ဖေးမကူညီပေးနေသလို မသန်စွမ်းရေးရာအဖွဲ့အစည်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်-မြန်မာ ဘာသာပြန်ခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူဟာ မသန်စွမ်းတွေ တန်းတူညီမျှရေး ပိုမို ဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားတက္ကသိုလ်မှာ မဟာဘွဲ့ ရယူသွားနိုင်ဖို့ ရည်ရွယ်ထားသူလို့လည်း သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လစဉ် ပြည်သူသို့ကျေးဇူးတင်လွှာ ထုတ်ပြန်လေ့ရှိပြီး လူငယ်လူရွယ်တွေ ကြိုးစားကြဖို့ တိုက်တွန်းတဲ့အနေနဲ့လည်း ဖေဖော်ဝါရီလအတွက် မအေးချမ်းအောင်ကို ထုတ်ဖော်ဂုဏ်ပြုလိုက်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024