လယ်သမားများကို အပေါင်ပစ္စည်းမပါဘဲ ငွေထုတ်ချေးရန် တောင်းဆို
DVB
·
March 23, 2017
လယ်သမားတွေကို အပေါင်ပစ္စည်းမပါပဲ ငွေထုတ်ချေးပေးဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနကို တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်သမားတွေကို ပုံမှန် ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို နှစ်စဉ် ပြန်မဆပ်နိုင်တဲ့ ရာခိုင်နှုန်းက များပြားနေတဲ့အတွက် လတ်တလောမှာတော့ အပေါင်မဲ့ ငွေချေးခွင့်ကို ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ စိုက်စရိတ်ချေးငွေတွေကို လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထား လက်မှတ် ပုံစံ (၇)ကို စိုက်ပျိုးရေးဘဏ်မှာ အပေါင်ထားတဲ့ စနစ်နဲ့ ငွေထုတ် ချေးပေးနေ တာပါ။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ လယ်သမားတွေကို မိုးရာသီ စိုက်စရိတ်ချေးငွေအနေနဲ့ ကျပ် ဘီလီယံ ၁,၄၀၀ ကို ထုတ်ချေး ပေးထားတယ်လို့ သိရပါတယ်။
သတင်း - AMIA