Home
မြန်မာသတင်း
ဧပြီလကစပြီး YBS ယာဉ်လိုင်းများတွင် ကတ်စနစ် ပြောင်းလဲဖော်ဆောင်မည်
DVB
·
February 22, 2017
လာမယ့် ဧပြီကစပြီး YBS စပယ်ယာတွေ ကားပေါ် လိုက်စရာမလိုဘဲ မှတ်တိုင်တွေကသာ ဝန်ဆောင်မှုပေးရတော့မှာပါ။ YBS ဘတ်စ်ကားစနစ် စတင်ပြီး ၃ လအကြာမှာ ကားစပယ်ယာတွေကို ယာဉ်ပေါ်တွေမှာ ဝန်ဆောင်မှုပေးစရာ မလိုတော့ဘဲ ကားမှတ်တိုင်မှာသာ ပြောင်းလဲဆောင်ရွက်ရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ လာမယ့် ဧပြီလကစတင်ပြီး ကတ်စနစ်တွေကို  ပြောင်းလဲဖော်ဆောင်သွားမှာဖြစ်ပြီး စပယ်ယာတွေအနေနဲ့ မှတ်တိုင်တွေကနေ ခရီးသည်တွေကို ငွေဖြည့်ကတ်ဖြည့်ပေးပြီး ခရီးသည်တွေကို ကားပေါ်ကိုသာ စနစ်တကျ တင်ပေးရမှာလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ “ကားပေါ်မှာ စပယ်ယာလိုက်သွားစရာ မလိုပါဘူး။ ကားပေါ်ကို စနစ်တကျ တင်ပေးလိုက်ပြီး ကတ်ကိုဖြတ်ပြီး ဒီလူ အထဲကို ဝင်သွားအောင် တင်ပေးလိုက်ဖို့ပဲ လိုပါတယ်။ တိုးကြိတ်ပြီး တက်နေစရာ မလိုပါဘူး။ အဲဒီအချိန်လောက်မှာ ဘတ်စ်ကားမှတ်တိုင်တွေရဲ့ အဆင့်မြှင့်တင်ထားမှုက အဆင့်တဆင့်ကို ရောက်လာပါလိမ့်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေကို ပြောင်းလဲနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အခု ပေါ်ပေါက်နေတဲ့ တိုင်ကြားမှုတွေ၊ စည်းကမ်းမလိုက်နာမှုတွေ၊ ယာဉ်စည်းကမ်း ချိုးဖောက်နေမှုတွေအတွက်လည်း ကျနော်တို့ အရေးယူ အပြစ်ပေးမှုတွေ ရှိပါတယ်။” YBS စနစ်သစ်မှာလည်း ယာဉ်နောက်လိုက်တွေဟာ ခရီးသည်တွေကို မချေမငံ ဆက်ဆံတာတွေနဲ့ ယာဉ်စည်းကမ်းနဲ့ မညီသေးဘဲ တိုင်ကြားမှုတွေ ရှိနေတာကြောင့် ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ “ကတ်စနစ်ကျတော့ တချို့က နားလည်တဲ့လူ ရှိတယ်၊ နားမလည်တဲ့လူလည်း ရှိတယ်။ အများကြီး ရှင်းပြရမယ်။ အဲဒါတော့ လိုမယ်။  တချို့ စီးတတ်သူ ရှိမယ်၊ မစီးတတ်တဲ့သူ ရှိမယ်။ တောကလူတွေ ပိုဆိုးသွားမယ်။ တချို့က ငွေမြှုပ်နိုင်တဲ့သူ ရှိတယ်၊ ငွေမမြှုပ်နိုင်တဲ့သူ ရှိတယ်။ အခက်အခဲလေးတော့ ရှိမယ်။ ကတ်စနစ်က စီးနေကျလူတော့ အဆင်ပြေတယ်။ တခါတရံ သွားတဲ့လူကျတော့ အခက်အခဲရှိမယ်။ အများကြီး ကြိုးစား သင်ရဦးမယ်။ ယာဉ်မောင်းပေါ်တော့ နည်းနည်းကသီမယ်။ ကျနော်တို့ စပယ်ယာတွေ မပါရင် ယာဉ်မောင်းအပေါ်မှာ တချို့ စောင့်ရမယ်၊ အများကြီး အားစိုက်ရမယ်။ ယာဉ်မောင်းတယောက်တည်း လုပ်ဖို့ဆိုတာက အတက် အဆင်းတွေ ကြန့်ကြာမယ်။ ခရီးသည်တချို့လည်း အသက်ကြီးပိုင်း ပါမယ်၊ လေဖြန်းတဲ့လူ ပါမယ်၊ အရက်သမား ပါမယ်။ လူအလွှာမျိုးစုံပါမယ်။ အများကြီး အခက်အခဲရှိတယ်” လို့ ကားစပယ်ယာ ဦးမျိုးသန့်က ပြောပါတယ်။ စပယ်ယာတွေကို ဝန်ဆောင်မှု ပြောင်းလဲပေးဖို့အတွက် နိုင်ငံတကာအဆင့်မီ ငွေဖြည့်ကဒ်ကို  အလျင်အမြန်ဖော်ဆောင်နေပြီး မှတ်တိုင်တွေကို ပြောင်းလဲ နေရာပြန်ချဖို့ လက်ရှိမှာ ဘတ်စ်ကားမှတ်တိုင် ၂၅၀ လောက်ကို တင်ဒါခေါ်ယူထားပါတယ်။ YBS စနစ်ပြေးဆွဲပြီး ၃ လအကြာမှာ လက်ရှိပြေးဆွဲနေတဲ့ မော်ဒယ်နိမ့် မော်တော်ယာဉ်တွေနေရာမှာ ကားအသစ်များကို ပြောင်းလဲပြေးဆွဲသွားမှာ ဖြစ်သလို ဒီကားတွေအားလုံးကို GPS စနစ်တပ်ဆင်ပြီး ဗဟိုထိန်းချုပ်စင်တာကနေ ထိန်းချုပ်သွားမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024