Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူ တွေ့ဆုံဆွေးနွေးမည်
နော်နိုရင်း
·
January 23, 2017
  တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတို့ အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေး အဖြေရှာ သွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကမကထလုပ်စီစဉ်ပေးတာဖြစ်ပြီး လာမယ့် ဇန်န၀ါရီ ၂၅ ရက်နေ့ ထားဝယ်မြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့  မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင် အလုပ်အမှုဆောင် ဦးကျော်မိုးက ပြောပါတယ်။ “ကျနော်တို့ ဒီ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်းအစိုးရက အစည်းအဝေး ဖိတ်ခေါ်ထားတာရှိတယ်။ အဲဒီဖိတ်ခေါ်ထားတဲ့ အစည်းအဝေးထဲမှာ ကျနော်တို့ မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ပေါ့လေ။ ” ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်ထိန်လန့်ကြောက်ရွံ့နေပြီး ဘ၀တူညီနောင် တော်လှန်ရေးအဖွဲ့စည်းအချင်းချင်း တိုက်ခိုက်မှုဟာ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒေသတည်ငြိမ်ရေးကို ထိခိုက်စေကြောင်းနဲ့ တဖွဲ့နဲ့ တဖွဲ့ အမြင်မတူတာကို  တွေ့ဆုံညှိနှိုင်း ဖြေရှင်းတဲ့နည်းလမ်းနဲ့ ကြိုးပမ်းသွားမယ်လို့  မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရေဖြူမြို့နယ်မှာ ၂၀၁၆ အောက်တိုဘာကနေ ၂၀၁၇ ဇန်န၀ါရီအထိ  မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ တပ်စခန်းကို ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့  နှစ်ဖက် ထိခိုက်ဒဏ်ရာရှိခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါဒေသမှာပဲ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF)ရဲစေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်သွားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာမြန်မာအစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကတော့ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024