Home
ဆောင်းပါး
Air Force One အဲဖို့စ်ဝမ်း
DVB
·
December 9, 2016
အမေရိကန်သမ္မတတိုင်း စီးနင်းတဲ့ အကောင်းစားလေယာဉ်ပျံကို အဲဖို့စ်ဝမ်းလို့ ခေါ်ပါတယ်။ အသစ်တက်မယ့်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ စတန့်ထွင်တယ်။ နောက်သမ္မတတွေ စီးဖို့ အဆင့်မြှင့်ထားတဲ့ ဘိုးရင်း-၇၄၇ အဲဖို့စ်ဝမ်းက ဈေးကြီးလွန်းလို့ အော်ဒါကို ကင်ဆယ်လုပ်မယ်လို့ တွစ်တာကနေ ရေးလိုက်ပါတယ်။ ဒေါ်လာ ၄ ဘီလီယံလောက် ကုန်ကျမှာ များလွန်းလို့။ ကနေ့တော့ ဘိုးရင်း စီအီးအိုနဲ့ စကားပြောပါတယ်။ သူကိုယ်တိုင် ဈေးဆစ်မယ်။ ဘိုးရင်းကုမ္ပဏီက ယူအက်စ်အေ၊ ချီကာဂိုမှာ ရှိတယ်။ လေယာဉ်ပျံတွေ၊ ဒုံးပျံတွေ၊ ဂြိုဟ်တုတွေ ထုတ်လုပ်တယ်။ လက်အောက်ခံဌာနကြီး ၅ ခု ရှိတယ်။ ၂ဝ၁၅ ခုနှစ်တုန်းက ဒေါ်လာ ၉၆ ဒသမ ၁၁ ဘီလီယံဖိုး ရောင်းချခဲ့ရတယ်။ အဲဖို့စ်ဝမ်းကို မေရီလင်းမှာရှိတဲ့ အင်ဒရူးစ်လေတပ်မှာ အမြဲထားပါတယ်။ Boeing 747-200 အမျိုးအစား စစ်သုံး Boeing ဘိုးရင်းလေယာဉ် ဖြစ်ပါတယ်။ ၁၉၉ဝ ကျော်ကတည်းက သုံးခဲ့တဲ့ အဲဒီ မော်ဒယ်ကနေ Boeing 747-8 အမျိုးအစားကို ပြောင်းပြီး စစ်တပ်က အော်ဒါ လုပ်ထားပါတယ်။ စစ်သုံးအခေါ်မှာ VC-25A ဖြစ်ပါသတဲ့။ အိမ်ဖြူတော်ကတော့ ရွေ့လျားနိုင်တဲ့ အမိန့်ပေးဌာနချုပ်တဲ့။ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်လာရင် အဲဒီပေါ်ကနေ အမိန့်တွေ ပေးပါမယ်။ အမေရိကန်သမ္မတဟာ အမေရိကန်စစ်တပ်ကို အမြင့်ဆုံး အမိန့်ပေးနိုင်သူ ဖြစ်တယ်။ အခုဟာက ပေ ၆ဝ မြင့်တယ်။ နောက်ဟာက ပိုမြင့်မယ်။ မွမ်းမံမှာက တခြားဟာတွေအပြင် လျှပ်စစ်စနစ်နဲ့ ပါဝါ အမြွှာ-ဘက်ကပ် ပါလာတယ်။ (EMP) ခေါ် အီလက်ထရောနစ်အများစုကနေ ဖျက်ဆီးခံရမှာကို ကာကွယ်နိုင်တဲ့စွမ်းအင် ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ခုခံနိုင်စွမ်းဆိုတာလည်း ပါဦးမယ်။ အသေးစိတ်ကိုတော့ ဘယ်သူမှမသိနိုင်အောင် လျှို့ဝှက်ထားပါတယ်။ အဲဖို့စ်ဝမ်းတစီးဟာ အရပ်သုံး 747-8 နှစ်စီးစာ ကုန်ကျပါတယ်။ သူတို့အိုင်ဒီယာက ကြီးလေ ကောင်းလေ။ ထရမ့်အဖို့ အဲလို မဟုတ်ပါတဲ့။ သူ စီးနေတဲ့ 757-200 က အတိုင်းအတာမှာ အဲဖို့စ်ဝမ်းထက် သေးတယ်။ Air Force One က 231ft 10in (70.6m) ရှည်တယ်။ တောင်ပံက 195ft (59.6m) အလျား ရှိတယ်။ သူ့လေယာဉ်က 155ft (47m) သာရှည်ပြီး၊ တောင်ပံက 134ft (40m) သာရှိတယ်။ ခါးပတ်ကြိုးမှာ ရွှေကွပ်ထားတယ်။ အဲဖို့စ်ဝမ်းအသစ်ကိုတော့ အဲဒီလို မလုပ်ပါလို့ ဆိုပါတယ်။ အဲဖို့စ်ဝမ်း လေယာဉ်က အကွာအဝေး ကြိုက်သလောက်ထိ ပျံသန်းနိုင်တယ်။ လေထဲမှာ ဆီဖြည့်လို့ရတယ်။ အထပ် သုံးထပ် ပါတယ်။ ရုံးခန်းတွေနဲ့ အားကစားစရာနေရာတွေအတွက် ဧရိယာ 4,000 sq ft (400 sq m) ကျယ်တယ်။ စားသောက်ခန်း နှစ်ခု။ တပြိုင်နက်တည်းမှာ လူ ၁ဝဝ စာကျွေးနိုင်တယ်။ စစ်စားဖိုမှူးတွေက အစားအသောက်ထဲမှာ ပါတာတွေရဲ့ စိတ်ချရမှုကို စစ်တယ်။ သမ္မတအိုင်ဆင်ဟောင်ဝါးတုန်းက ၁၉၅၉ ခုနှစ် သြဂုတ်လမှာ ဥရောပကို သွားတော့ VC-137A ကို စီးတယ်။ အဲဒါက Boeing 707 Stratoliner အမျိုးအစားဖြစ်တယ်။ ၁၉၆၂ မှာ သမ္မတကနေဒီဟာ Boeing 707 ကို မွမ်းမံထားတဲ့ အထူးလေယာဉ်ကို ပထမဆုံး စီးပါတယ်။ လက်ရှိသုံးနေတဲ့ အဲဖို့စ်ဝမ်းကို ဂျော့ခ်ျဒဘယ်လယူဘွတ်က ၁၉၉ဝ မှာ စစီးခဲ့တယ်။ အဲဖို့စ်ဝမ်းက VC-25A ဖြစ်ပြီး၊ Boeing 747-200B ဆီးရီးစ်ကို အထူးပြုလုပ်ထာတာ ဖြစ်တယ်။ လေယာဉ်အမြီး ကုဒ်နံပါတ် 28000 နဲ့ 29000 ၂ စီးကို သုံးပါတယ်။ သတင်းထောက် ၁၃ ယောက်အထိ လိုက်ပါလေ့ရှိတယ်။ သူတို့က သမ္မတလေယာဉ်ကို စူးစမ်းကြတယ်။ ဒါပေမယ့် လျှို့ဝှက်လုံခြုံရေးအရာရှိတွေက နေရာတိုင်းမှာ ရှိနေကြတယ်။ သမ္မတ ထိုင်တဲ့ လေယာဉ်ရှေ့ပိုင်း နောက်ကြားမှာ ကုလားထိုင်နှစ်လုံးနဲ့ ထိုင်နေတဲ့ လုံခြုံရေးအော်ဖစ်ဆာတွေက တားပါမယ်။ ကျန်းမာရေးအတွက်မှာ ခွဲစိတ်ခန်းလည်း ပါသေးတာ။ လေယာဉ်ပျံပြီဆိုတာနဲ့ ကုန်ကျစရိတ်က ၁ နာရီမှာ $180,000 ကနေ $200,000 အထိ ရှိတယ်။ ဒါတောင် အနီးစပ်ဆုံး မှန်းထားတာ။ အဲဖို့စ်ဝမ်းမှာ သမိုင်းရှိပါတယ်။ ၁၁-၁ဝ-၁၉၁ဝ နေ့မှာ သမ္မတ ရုစ်ဗဲ့လ်တ်ဟာ လေယာဉ်နဲ့ ခရီးသွားတဲ့ ပထမဆုံးသမ္မတ ဖြစ်လာတယ်။ အဲဒါက အဲဖို့စ်ဝမ်း မဟုတ်သေးပါ။ အမေရိကန်သမ္မတစီးဖို့ စစ်လေယာဉ်ကို အထူးပြုပြင်ထုတ်လုပ်ဖို့ အယူအဆဟာ ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်ကတည်းက စခဲ့ပါတယ်။ အကောင်အထည်သစ်မပေါ်မီ သမ္မတ ရုစ်ဗဲ့လ်တ် ဟာ ၁၉၄၅ ခုနှစ်မှာ မော်ရိုကိုနိုင်ငံ ယာလ်တာအစည်းအဝေးကို A C-54 Skymaster နဲ့ သွားရတယ်။ Boeing 314 အမျိုးအစား ဖြစ်တယ်။ ဂျာမန်ရေငုပ်သဘောင်္တွေ ရန်ကို သတိထားခဲ့ရတယ်။ ၁၉၅၃ ခုနှစ်မှာ အဲဖို့စ်ဝမ်းလို့ စသုံးလာတယ်။ နောက်မှာ Boeing 707 jets (VC-137s) ၃ စီး သုံးလာတယ်။ ဖတ်စ်လေဒီ ဂျက်ကလင်းကနေဒီက အကြံပေးလို့ VC-137 jet လေယာဉ်ကို ဒီဇိုင်းပြင်ပါသတဲ့။ ၁၉၇၃ ခုနှစ် ဇွန်လထဲမှာ သမ္မတနစ်ဆင်က ဆိုဗီယက်ခေါင်းဆောင်ကြီး လီယိုနစ် ဘရက်စညက်ကို အဲဖို့စ်ဝမ်းပေါ် အတူစီးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ခေါင်းဆောင်နှစ်ယောက် ဝါရှင်တန် ဒီစီကနေ ကယ်လီဖိုးနီးယားကို သွားခဲ့ကြတယ်။ ၂ဝ၁၂ ခုနှစ် မတ်လမှာလည်း သမ္မတ အိုဘားမားက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ အတူစီးတယ်။ အိုဟိုင်းဝိုးကို ဘတ်စကက်ဘောပွဲ သွားကြည့်ကြတာပါ။ Air Force Two အဲဖို့စ်-တူးလို့လည်း ရှိတယ်။ သမ္မတဂျွန်ဆင် လက်ထက်ကတည်းက ရှိခဲ့တယ်။ သူ့မိသားစု စီးဖို့ သုံးပါတယ်။ အဲဖို့စ်ဝမ်း စီးနေရင်း မတော်တဆဖြစ်ခဲ့ရင် သမ္မတလုံခြုံရေးအတွက် ဘာစီစဉ်ထားသလဲ ထုတ်မပြောပါ။ Air Force One ရုပ်ရှင်ထဲမှာတော့ ထွက်ပြေးလွတ်မြောက်ဘို့ တယောက်စာ အလုံအိတ်တခုနဲ့ လေထီးကို သုံးရတယ်။ အဲဒီရုပ်ရှင်က နာမည်ကြီးတယ်။ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲတာခံရတဲ့ ဟယ်ရစ်ဆန်ဖို့ဒ်က အဲဖို့စ်ဝမ်းပေါ်မှာ လိုက်ပါလာတဲ့ အမေရိကန်သမ္မတအဖြစ် သရုပ်ဆောင်တယ်။ ကျနော် သုံး လေးခါ ကြည့်ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၇-၁၂-၂ဝ၁၆

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024