Homeမြန်မာသတင်း
ရှမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်တွင် တင်သွင်းသည့်အရေးကြီးအဆို ဆက်ဆွေးနွေးမည်
ရှမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်တွင် တင်သွင်းသည့်အရေးကြီးအဆို ဆက်ဆွေးနွေးမည်
ကျော်ဇေယျာဝင်း
·
November 29, 2016
ရှမ်းပြည်အရှေ့မြောက်ဒေသ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုး အမတ်တဦးက တင်သွင်းတဲ့ အရေးကြီးအဆိုကို ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ်းခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် ကေအိုင်အေ၊ အမ်အန်ဒီအေအေနဲ့ တီအမ်အယ်လ်အေ ပူးပေါင်း အဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု ဗုံးခွဲမှုများကြောင့် အပစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာစစ်ပြေးဒုက္ခရောက်ခြင်း၊ နိုင်ငံ၏ အချုပ်အခြာ အာဏာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ အား ထိခိုက်စေခြင်းတို့ကိုလွှတ်တော်မှာ စိုးရိမ်ကြောင်း အရေးကြီးအဆိုကို မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ပါတယ်။
အခုလို အရေးကြီးအဆိုတင်သွင်းရတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဆောင်ရွက် နေတဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထိခိုက်မှာ စိုးရိမ်မိတဲ့အတွက် တင်ရတာဖြစ်တယ်လို့ ဒေါက်တာမောင်သင်းက ဆိုပါတယ်။
အဲ့ဒီအဆိုကို ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသန်းစိုးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေး သွားမှာလည်းဖြစ်ပါတယ်။