ပြည်သူ့လွှတ်တော်ရေးရာကော်မတီဝင်များ ပယ်ဖျက်အစားထိုး
နေဖြိုးဝင်း
·
November 28, 2016
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ရေးရာကော်မတီတွေကနေ အဖွဲ့ဝင်အဖြစ် ပယ်ဖျက် အစားထိုးတာတွေ ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြုလုပ်လိုက်ပါတယ်။
တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အဖွဲ့ဝင် ဒေါက်တာစိုးမိုးသူ၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာအောင်ခင်၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဉာဏ်လင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးအောင်လှိုင်ဝင်းတို့ကို ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီကနေ့ လွှတ်တော်မှာ အသိပေးတင်ပြခဲ့တာပါ။
ဒါ့အပြင် ဥပဒေကြမ်းကော်မတီရဲ့ အတွင်းရေးမှုး ဦးစတီဖန်ကို အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုးလင်းကို အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဒေါက်တာသန်းဝင်းကို အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီအဖွဲ့ဝင် ဦးကျော်မြင့်ကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။
ဥပဒေကြမ်းကော်မတီဝင်အဖြစ် ဒေါက်တာဝေဖြိုးအောင်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှာ ဒေါက်တာအေဇင်လတ်၊ တောင်သူလယ်သမားနဲ့ အလုပ်သမား ရေးရာ ကော်မတီမှာ ဦးဇော်မင်းသိန်းနှင့် ဦးရွှေလှကြိုင်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှာ ဒေါ်ဝင့်ဝါထွန်းတို့ကိုလည်း ကော်မတီ အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်း တာဝန်ပေးအပ်ခဲ့ပါတယ်။
ခုလို ပြည်သူ့လွှတ်တော်ရေးရာကော်မတီရဲ့ တာဝန်တွေကနေ ရပ်စဲခံရသူတွေထဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုက တာဝန်က ရပ်စဲကြောင်း ကြေညာ ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါဝင်နေတာဖြစ်ပါတယ်။
တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ အဖြစ်က တာဝန်ရပ်စဲခံခဲ့သလို ပါတီကနေလည်းတာဝန်ရပ်စဲခံရတဲ့ မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “အန်ကယ်ဘက်ကတော့ မမှားဘူးလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆို ရာဇ၀တ်မှု ကျုးလွန်တဲ့သူကို ရဲတိုင်တာကလွဲလို့ ဒါပါတီတွင်းရှင်းရမယ့် ကိစ္စမဟုတ်ဘူး။ ဒီနေရာမှာ အပေါ်ကို ဘာလို့ ခွင့်ပြုချက်မတောင်းလဲ ဆိုတဲ့ မေးခွန်း၊ ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးကို တောက်လျောက်တင်ပြတယ်။ မအူပင်နဲ့ ပတ်သက်လို့ တကြိမ်တခါပဲ စိစစ်ပြီး အရေးယူတာ ရှိတယ်။ တိုင်ကြားလာတဲ့ အမှုပေါင်းက အများကြီးရှိတယ်။ အဲဒါတွေကို ဘာမှ မလုပ်ခဲ့တော့ စည်းကမ်းထိန်းသိမ်းရေးအပေါ်မှာ လုပ်ဆောင်မှုက ယုံကြည်မှုအားလည်းလာတယ်။ ဒါကြောင့် အန်ကယ်က မိမိရဲ့တာ၊ မိမိရဲ့ နယ်မြေမှာ အမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်ချက် အတိုင်း လက်တွေ့ကျကျ အကောင်အထည်ဖော်တာ ဖြစ်တဲ့အတွက် အန်ကယ်ဘက်က မှန်တယ်။ တရားမျှတမှုရှိတယ်။ မှန်ကန်မှုရှိတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်တာဖြစ်တယ်။ အဲဒါကို ပါတီပိုင်းက ပါတီရဲ့ ခွင့်ပြုချက် မတောင်းခံလို့ဆိုတာ တချို့ကိစ္စတွေက ခွင့်ပြုချက် တောင်းစရာမလိုဘူး။ ဂိုက်လိုင်း ပေးထားရင် အဲဂိုက်လိုင်းကို အကောင်အထည်ဖော်ရမှာသည် ရှေ့တန်းမှာရှိတဲ့ အန်ကယ်တို့ ရှေ့တန်းတိုက်စစ်မှူးတွေရဲ့ တာဝန်ဖြစ်ပါတယ်။”လို့ပြောပါတယ်။
ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး အဖြစ်က ပယ်ဖျက်ခံရသူ ဒေါက်တာအောင်ခင်ကတော့ သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်လို့ အခုလို့ ကော်မတီ အတွင်းရေးမှူးကနေ ပယ်ဖျက်လိုက်တာလို့ ပြောပါတယ်။