ရှမ်းမြောက် တိုက်ပွဲများ ဆက်ဖြစ်၊ ၂ ဦးသေဟု တပ်မတော်သတင်းထုတ်
DVB
·
November 24, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူစတဲ့ မြို့များမှာ နိုဝင်ဘာ ၂၃ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ မိုင်းခွဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ၂ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။
နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၃နာရီခန့်မှာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့ရဲ့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဟိုနားရွာကနေ ကောင်းကပ်ရွာသို့ လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွင်း ကောင်းကပ်ရွာသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
“ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဟိုနားရွာမှနေ၍ ကောင်းကပ်ရွာသို့ ယနေ့ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကောင်းကပ်ရွာ၊ ရပ်ကွက်(၁)ရှိ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းအနီး နေထိုင်သူ ဒေသခံအပြစ်မဲ့ ပြည်သူများဖြစ်သည့် ဦးပြည်ခိုက်ဖင်နှင့် သားဖြစ်သူ မောင်လောက်စောတို့ ၂ ဦးအား လက်နက်ကြီးစများထိမှန်၍ နေရာတွင်ပင်သေဆုံးခဲ့ပြီး အနီးရှိ မောင်လောက်ကိုင်အား လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။”
တခါ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာ ကြားတ၀ိုက် သွားလာနေတဲ့ ကားကြီးကားငယ် ၁၀၀ ခန့်ကို KIA / TNLA အကြမ်းဖက် သောင်းကျန်းသူများပူးပေါင်းအဖွဲ့အင်အား ၇၀ ဦးခန့်က လမ်းကြောင်းပိတ်ဆို့တားဆီးပြီး ယာဉ်မောင်းများအား ရိုက်နှက်ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တပ်မတော်စစ်ကြောင်းက အဲ့ဒီနေရာကို သွားရောက်ရှင်းလင်းခဲ့ပြီး KIA/TNLA အဖွဲ့က အနောက်ဘက်ကို ဆုတ်ခွာသွားခဲ့တယ်။ တပ်မတော်က အဲ့ဒီနေရာကို နယ်မြေရှင်းလင်းခဲ့ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အလားတူ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းမှာလည်း ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ တပ်မတော်စခန်းအား KIA / TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အင်အား ၁၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ရဲ့ မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မုံးစိန် ချောင်းကူးတံတားလည်း TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲ ဖျက်ဆီးခဲ့တယ် လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတင်းမှာ ဖော်ပြပါတယ်။