သိန်းနီမြို့နယ်၌ စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ အရာရှိစစ်သည်အချို့ ဒဏ်ရာရ
DVB
·
November 23, 2016
ရှမ်းပြည်နယ် သိန်းနီမြို့နယ်ထဲမှာ တပ်မတော်စစ်ယာဉ်တန်း ဆွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရလို့ အရာရှိစစ်သည်တချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိရေး ဆောင်ရွက်ဖို့ သွားတဲ့ တပ်မတော်ယာဉ်တန်းကို မနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ သိန်းနီမြို့နယ်၊ မန်ပိန်းကျေးရွာအနီး ကေအိုင်အေ/တီအန်အယ်လ်အေ ပူးပေါင်းအဖွဲ့ အင်အား ၃၀ ခန့်က ဆွဲမိုင်းနဲ့ဖောက်ခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ညနေ ၄ နာရီခွဲလောက်မှာလည်း ကွတ်ခိုင်မြို့နယ်၊ မန်လွင်ရွာအရှေ့ဘက် ၁ မိုင်ခန့်အကွာမှာလည်း မိုင်းတလုံးနဲ့ ထပ်မံဖောက်ခွဲ တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် မော်တော်ယာဉ်တစီး မိုင်းစထိမှန်ပျက်စီးခဲ့ပြီး တပ်မတော် အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း နိုဝင်ဘာ ၂၀ ရက်က စတင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအ၀င် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။