Home
မြန်မာသတင်း
နမ့်ခမ်းရဲစခန်းတွင် ဗုံးပေါက်ကွဲပြီး ရဲအရာရှိ ၁ ဦး သေဆုံး
နော်နိုရင်း
·
November 11, 2011
ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ ဗုံးပေါက်ကွဲပြီး ဒုရဲအုပ်တဦး သေဆုံးပြီး ရဲတပ်ဖွဲ့​၀င်​တဦးနဲ့​ အမျိုးသမီး နှစ်ဦး ဒဏ်ရာရသွားပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းမှာ မနေ့ညက ဗုံးပေါက်ကွဲမှုတခု ပေါက်ကွဲမှု​ ​ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ဇော်ထူး​ခေါင်ဆန် သေဆုံးသွားသလို  ရဲတပ်သားတဦးအပါဝင် ရဲစခန်းအနီး ထမင်းဆိုင်က အမျိုးသမီး နှစ်ဦးလည်း ထိခိုက် ဒဏ်ရရှိသွားတဲ့အကြောင်း နမ့်ခမ်းမြို့နယ် ရဲစခန်းတာဝန်ရှိသူ တဦးက ပြောပါတယ်။ “ည ၈ နာရီ မိနစ် ၄၀ လောက်မှာ လူတယောက်က ဆိုင်ကယ်တစီးနဲ့ အထုပ်တထုပ် လာချသွားပါတယ်။ ချသွားတဲ့အကြောင်းကို ဘေးကမြင်တဲ့သူက ရဲစခန်းကို လှမ်းအကြောင်းကြားတော့ ရဲခစန်းတာဝန်မှူးက သွားကြည့်တဲ့အခါ တာဝန်မှူးက အထုတ်နားမရောက်ခင်မှာပဲ ဗုံးကကွဲသွားတယ်။ ကျနော်တို့ စုံစမ်းလို့တော့ မရဘူး။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ။ မှောင်နေတဲ့အချိန် ဖြစ်တာလည်းပါတယ်။ မှောင်နေတော့ ဗြုန်းဒိုင်းဆိုပြီး ထွက်ပြီးကြည့်လို့မရလို့လေ။ သေချာတာကတော့ သောင်းကျန်းသူ အဖွဲ့အစည်းတခုခုက လုပ်တာတော့ သေချာတယ်။ ကျနော်တို့ ဆရာ တာဝန်မှူး ဒု-ရဲအုပ်တဦး ဆုံးသွားပါတယ်။ ကျန်တာက တပ်ဖွဲ့ဝင် တဦးနဲ့ အရပ်သူနှစ်ဦးလည်း ဒဏ်ရာရတယ်။” နမ့်ခမ်းဆေးရုံ ရုံးခန်းတာဝန်ခံ ဒေါ်နန်းနန်းခင်က “ဆေးရုံကို ၄ ယောက် ရောက်လာတယ်။ တယောက်ကတော့ ဆုံးသွားတယ်။ ဆုံးသွားတဲ့ တယောက်က ဒု-ရဲအုပ်​ ​ဇော်​ထူး​​ခေါင်​ဆန်​ပါ။ ရဲတပ်သားတယောက် ထိခိုက်ဒဏ်ရာရတဲ့ တယောက်ကတော့ ကျော်စွာမိုး။ ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကတော့ နာမည် မသိလိုက်ဘူး။ ထမင်းဆိုင်မှာ ဈေးရောင်းတဲ့ သူတွေလို့ သိပါတယ်။ မူဆယ်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်။ နည်းနည်းစိုးရိမ်ရလို့ပါ။ ဟိုဆေးရုံမှာက အထူးကု ဆရာဝန်တွေ ရှိလို့ပါ။” ဒီပေါက်ကွဲမှုအတွင်း ရဲစခန်းအနီးနားက လူအိမ်တချို့လည်း အနည်းငယ် ပျက်စီးသွားပြီး ဒီဗုံးဟာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတာလို့ ယူဆရကြောင်း ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ “ကျနော်တို့ကတော့ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတဲ့ ဗုံးလို့ယူဆတယ်။ သံချောင်းတွေကိုဖြတ်ပြီး လုပ်ထားတဲ့ဗုံးပါ။ လက်လုပ်ဗုံးပါ။” နမ်းခမ်းမြို့မှာ အခုလို ဗုံးပေါက်ကွဲတာဟာ  ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက နမ်းခမ်းမြို့နယ်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်ကို အစိုးရတပ်က  ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် အဲဒီ ဒေသတ၀ိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေရဲ့ ဂယက်ကြောင့် နမ့်ခမ်းမြို့ပေါ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားရတာလို့ နမ့်ခမ်းရဲစခန်းတာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။ ခုလို ဗုံးပေါက်ကွဲမှုကြောင့် မြို့ခံတွေအနေနဲ့ လုံခြုံရေးအတွက် ညဘက် အပြင်သိပ်မထွက်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024