Home
မြန်မာသတင်း
ချင်းပြည်နယ် တိုးတက်ရေး အရှိန်ဟုန်မြှင့်လုပ်ပေးနေဟု ဒုသမ္မတ ဦးမြင့်ဆွေ ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 9, 2016
ပြည်နယ်နဲ့တိုင်း ကွာခြားမှုတွေလျော့ကျလာဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ချင်းပြည်နယ်တိုးတက်ဖို့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးနေတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့၊ ကြွန်ဘိခ်ခန်းမမှာ ဒုသမ္မတဦးမြင့်ဆွေနဲ့ ဒေသခံပြည်သူလူထု တွေ ဒီကနေ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ချင်းပြည်နယ် လျှပ်စစ်မီးရရှိအောင် ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်နေပြီး ပညာရေးကဏ္ဍမှာလည်း အခုကောလိပ်ကနေ ဒီဂရီကောလိပ်၊ တက္ကသိုလ်ထိ ဖွင့်လှစ်နိုင်အောင် စီစဉ်သွားပါမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒုသမ္မတက ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းတွေ အတွက် လိုအပ်တဲ့ ကျောင်းသုံးစာအုပ်တွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒေသခံပြည်သူလူထုတွေကလည်း မြို့နယ်အလိုက်လိုအပ်ချက်တွေကို တင်ပြခဲ့ကြပါတယ်။ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး မဟာဓာတ်အားလိုင်းနဲ့ ၁ မိုင်အကွာက ကျေးရွာတွေကိုတော့ မီးရအောင် ဆောင်ရွက်ပေးဖို့ရှိပြီး မဟာဓာတ်အားလိုင်းနဲ့ဝေးတဲ့ ဒေသတွေအတွက် ကိုယ်ထူကိုယ်ထသွယ်တန်းတာ၊ ဆိုလာစနစ်သုံးတာတွေပြုလုပ်ဖို့လိုအပ်တယ်လို့ပြောပါတယ်။ ချင်းပြည်နယ်ကျန်းမာရေး ကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက လိုအပ်တဲ့ပစ္စည်းတွေ၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းအင်အားတွေကို ထပ်တိုးသွားဖို့ရှိပြီး ဟားခါးမြို့ကုတင် ၂၀၀ ဆေးရုံနဲ့ပတ်သက်ပြီး လူနာနည်းပါးတဲ့အတွက် ကုတင် ၅၀၀ ဆေးရုံ တိုးချဲ့ဖို့ မရှိသေးဘူးလို့ပြောပါတယ်။ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ဖြေကြားရာမှာ ကျောင်းတွေတိုးချဲ့တာထက် မြန်မာနိုင်ငံမှာ ကျောင်းထွက်တဲ့ ဦးရေက ပိုများနေတာကြောင့် ကလေးတွေကျောင်းနေပျော်အောင်၊ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမတွေကို မွေးထုတ်ပေးနေပြီး ကျောင်းသားမိဘတွေက လည်းတာဝန်ရှိတယ်လို့ပြောပါတယ်။ ဒါ့အပြင် ကလေးတွေကျောင်းထွက်တဲ့အတွက် သူတို့ကိုယ်တိုင်၊ မိသားစု၊ ဒေသပါမက နိုင်ငံအတွက်ပါ နစ်နာရတယ်လို့ပြောပါတယ်။ ကွန်ပျုတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ပေါင်းစည်းဖို့ရှိနေတာကြောင့် ပြည်နယ်အစိုးရက နေရာပေးနိုင်ရင် ဆောင်ရွက်ပေးမယ်လို့ လည်း ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းကတော့  JAICA၊ ကမ္ဘာ့ဘဏ်တွေရဲ့အကူအညီနဲ့ အဆင့်မြင့်လမ်းတွေဖြစ်အောင် စီစဉ်နေပြီး ဟားခါးလေယာဉ်ကွင်းနဲ့ ပတ်သက်လို့ ရာသီဥတုအရ တနှစ်မှာ ရက်ပေါင်း ၆၀ ခန့်သာ ဆင်းတက်နိုင်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ လက်ရှိအစိုးရအစီအစဉ်နဲ့ ဖလမ်းမြို့မှာ လေယာဉ်ကွင်းတည်ဆောက်နေတဲ့အတွက် စောင့်ကြည့်ပေးဖို့နဲ့ ချင်းပြည်နယ်ရဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး ပြည်နယ်တိုင်း အားလုံးထဲမှာ  ပထမဦးစားပေးအဖြစ်ဆောင်ရွက်နေတယ်လို့ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024