Live
Home
ဆောင်းပါး
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အာဏာအရှိဆုံးဖြစ်လာတဲ့ သမ္မတရှီကျင်းပင်ရဲ့ တကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍက ဘယ်လိုများ…
DVB
·
October 31, 2016
  အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CPC) ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့သလို တရုတ်တော်လှန်ရေးတခုလုံးရဲ့ ခေါင်းဆောင် ဖြစ်ခဲ့သူ ဥက္ကဋ္ဌကြီး မော်စီတုံးရဲ့ အဆင့်နဲ့ တူညီတဲ့ အရေးအပါဆုံး အမြင့်ဆုံး ခေါင်းဆောင် အဆင့်ကို အပ်နှင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ စုပေါင်းခေါင်းဆောင်မှုအရ အဆုံးအဖြတ်ကို ခံယူရဦးမှာတော့ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဓိကအစည်းအဝေးကြီးကသူတို့ရဲ့ အဖွဲ့ဝင်တွေ အားလုံးကို “တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကောင်မတီက ရဲဘော် ရှီကျင်းပင်ရဲ့ ပတ်ပတ်လည်မှာ ဝိုင်းရံပြီး သူ့ကို အဓိက ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း သတ်မှတ်လိုက်ကြရအောင်ပါဗျာ”လို့ တောင်းဆိုခဲ့တဲ့အကြောင်း တရုတ်နိုင်ငံအစိုးရ သတင်းဌာန ဆင်ဟွာရဲ့ သတင်းဖော်ပြချက်မှာ ရေးသားခဲ့ပါတယ်။ အသက် ၆၃ နှစ်အရွယ် ရှီကျင်းပင်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ်ပါတီနဲ့ တပ်မတော်ကို ခေါင်းဆောင်နေပြီး နိုင်ငံရဲ့သမ္မတအဖြစ်လည်း ဦးဆောင်ပေးနေတဲ့ ခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။ ခုလို ရှီကျင်းပင်ကို နိုင်ငံအထွတ်အထိပ်ရာထူးကို တရုတ်တော်လှန်ရေးခေါင်းဆောင်နဲ့ အမျိုးသားခေါင်းဆောင် မော်စီတုံးနဲ့ အဆင့်တူ သတ်မှတ်ခန့်အပ်လိုက်တဲ့အကြောင်းကို တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးတန်းခေါင်းဆောင် ၃၇၀ ကျော်ပါဝင်တဲ့ မျက်နှာစုံညီ အစည်းအဝေး က ကြေညာခဲ့တာဟာ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် ကာလ ရှည်ကြာ ကျင့်သုံးခဲ့တဲ့ စုပေါင်းခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို မလိုအပ်တော့တာလား ဆိုတဲ့ ဆန့်ကျင်ဘက် ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။ သတင်းဖော်ပြချက်က “သူတို့က ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ  မျက်နှာစုံညီ အစည်းအဝေးမှာ ပုဂ္ဂိုလ်တဦးချင်းဆိုင်ရာ တာဝန်ရှိမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို ပေါင်းစပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်”လို့ ဖော်ပြခဲ့ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံ အုပ်ချုပ်ရေးစနစ်မှာ စုပေါင်းခေါင်းဆောင်မှုကို ၁၉၈၁ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အဲဒါဟာ ပါတီရဲ့ဦးဆောင်မှုမှာ လူပုဂ္ဂိုလ်တဦးချင်းရဲ့ သြဇာလွှမ်းမိုးမှု မရှိရအောင် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို အပြောင်းအလဲ ဖြစ်တော့မှာလို့ အစောပိုင်းကတည်းက တရုတ်ကွန်မြူနစ်ပါတီ အဝန်းအဝိုင်းမှာ လူပြောသူပြော များခဲ့တယ်လို့လည်း တချို့သတင်းရပ်ကွက်တွေက ဆိုပါတယ်။ ဘယ်လိုပဲပြောပြော တရုတ်ကွန်မြူနစ်ပါတီ မျက်နှာစုံညီအစည်းအဝေး တက်ရောက်ခဲ့ကြတဲ့ ပါတီဝင်အများစုကတော့ ဗဟိုကော်မတီကို တညီတညွတ်တည်း ဝန်းရံပြီး ရှီကျင်းပင်ကို နိုင်ငံ့အထွတ်အထိပ် ရာထူးပေးအပ်ဖို့ သတင်းမီဒီယာတွေမှာ ရေလာမြောင်းပေးလုပ်ခဲ့ကြပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး ရှီဟာ စီးပွားရေး အပြောင်းအလဲ လုပ်လိုတဲ့ အုပ်စုကို ဦးဆောင်တာ၊ သူကိုယ်တိုင်ဟာ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တပ်မတော် တခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်နေရက်နဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို သူ့ကိုယ်သူ ခန့်အပ်ခဲ့တာတွေ အပါအဝင် သူ့ရဲ့ အာဏာတည်ဆောက်ရေးတွေကို လုပ်ဆောင်ခဲ့တယ်လို့ ယူဆစရာအကြောင်းတွေလည်း ရှိခဲ့ပါတယ်။ အခုအခြေအနေကတော့ သူဟာ ပါတီခေါင်းဆောင်၊ တပ်မတော်နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်နေတုန်းမှာပဲ နိုင်ငံ့ဦးသျှောင် ရာထူးကို ထပ်ပြီးရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံ့ဦးသျှောင် ဆိုတဲ့ စကားလုံးဟာ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ပြဿနာရှိတဲ့ စကားလုံးဖြစ်ပေမယ့် အာဏာရှင်နိုင်ငံတွေအဖို့ကတော့ တကယ်တော့ ပြဿနာမရှိဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မော်စီတုံးနဲ့ ကျန်ဇီမင်းတို့ဟာ နိုင်ငံ့ဦးသျှောင်တွေ ဖြစ်ခဲ့ကြပြီး သူတို့လက်ထဲမှာ တချက်လွှတ်အာဏာလို့ ခေါ်တဲ့ အလုံးစုံ အာဏာရှိခဲ့တယ်၊ ဘာမှ အငြင်းပွားစရာ မရှိခဲ့ဘူးလို့ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ခဲ့ကြပြီး သမ္မတရှီကျင်းပင်ရဲ့ ရှေ့က သမ္မတ ဟူကျင်းတောင်ကတော့ နိုင်ငံ့ဦးသျှောင်လို့ ဘယ်တုန်းကမှ  အသတ်မှတ် အခေါ်ဝေါ်မခံခဲ့ရဘူးလို့ တရုတ်နိုင်ငံရေး အကဲဖြတ်တွေက ဆိုပါတယ်။ ၂၀၁၇ အကုန်ပိုင်း ဆောင်းဦးရာသီမှာ ၅ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိတဲ့ မျက်နှာစုံညီ ညီလာခံအတွက် မျက်နှာစုံညီ အစည်းအဝေးတွေက လမ်းခင်း ရှေးရှုခဲ့ပြီး ရှီဟာ သူ့ရဲ့ အာဏာကို ပိုပြီးခိုင်မြဲတည်တံ့အောင် ကြိုးစားသွားမှာဖြစ်သလို အဲဒါဟာပဲ ၂၀၂၂ ခုနှစ် ပါတီကွန်ဂရက်မှာ သူ့နေရာကို ဘယ်သူက ဆက်ခံမှာ ဖြစ်တယ်ဆိုတာကိုလည်း ပြသ လိမ့်မှာ ဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ လောလောဆယ် တည်ရှိနေတဲ့ အဖွဲ့ဝင် ၇ ဦးပါ အမြဲတမ်းကော်မတီ  ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အထွတ်အထိပ်အာဏာပိုင်အဖွဲ့ ဆိုတာကိုလည်း ပါတီကွန်ဂရက်မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ ဘေဂျင်း အခြေစိုက်နိုင်ငံရေး ဝေဖန်သုံးသပ်သူ ကျန်လီဖန်ကတော့ ရှီရဲ့ အထွတ်အထိပ်ဆိုင်ရာ ကိစ္စတွေကတော့ နောက်နှစ် ကွန်ဂရက်အတွက်  ပိုပြီး ချောချောမွေ့မွေ့ ဖြစ်သွားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ရင်ဆိုင်နေရတဲ့  စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်ဖို့ တာဝန်ရှိမှုတွေကလည်း ပိုပြီး တိုးများလာနေမယ်လို့ သုံးသပ်ပါတယ်။ သူက “တကယ်လို့သာ စီးပွားရေးက ဒီအတိုင်း ဆက်ကျဆင်းနေမယ် ဆိုရင် ပါတီတွင်း အကွဲအပြဲဟာ ပိုပြီးပြင်းထန်လာမှာ ဖြစ်သလို နိုင်ငံ့အထွတ်အထိပ် ဆိုတဲ့သူအတွက်လည်း ပိုပြီး ပြင်းထန်လေးနက်လာမှာပါပဲဗျာ”လို့ သူက ပြောခဲ့ပြီး “ခင်ဗျားရဲ့ အာဏာသြဇာနဲ့ ပတ်သက်နေ တာတွေဟာလည်း ပိုပြီး ကြီးထွားလာမယ်၊ လူတိုင်းကလည်း ခင်ဗျားနဲ့ ကွဲပြားလာမှာပဲလေ၊ ဒါပေမယ့် သူတို့ကတော့ ခင်ဗျားရဲ့ ခေါင်းဆောင်မှု အကောင်း အဆိုးကို စောင့်ကြည့်နေကြမှာပဲ ပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ရှီကို နိုင်ငံအထွတ်အထိပ်ဖြစ်မြောက်ရေး တရားမဝင် မဲဆွယ်သိမ်းသွင်းမှု လုပ်ဆောင်နေတာမှာတော့ ပြည်နယ် ခေါင်းဆောင်တွေရဲ့ သုံးပုံ နှစ်ပုံလောက်က ထောက်ခံနေ ကြတယ်လို့ သူ့ကို အဲဒီဘွဲ့ထူးပေးအပ်ဖို့ သဘောတူညီခဲ့တဲ့ စုံညီအစည်းအဝေးမတိုင်ခင် ကောက်ယူခဲ့တဲ့ ရိုက်တာ သတင်းက ဆိုပါတယ်။ နော့တင်ဂန်တက္ကသိုလ်က ခေတ်ပြိုင် တရုတ်နိုင်ငံရေးရာဌာန ပါမောက္ခ စတိဗ်ဆန်ကလည်း ရှီဟာ ရာထူးအရ ခိုင်မာနေဆဲဖြစ်ပေမယ့် ကွန်ဂရက် ရောက်ဖို့က တနှစ် လိုပါသေးတယ်။ အဖြေ မပေးနိုင်သေးတဲ့ မေးခွန်းတွေက အများကြီး ရှိနေပါသေးတယ်။ သူ့ကို ဆက်ခံမယ့်သူကို ရွေးချယ် မှာပါလား။ ရှီက တတိယ သမ္မတသက်တမ်းကို အုပ်ချုပ်ဖို့များ စိတ်ကူးနေလေရော့သလား။ တရုတ်သမ္မတ ရှီကျင်းပင်ဟာ ရိုးသားတဲ့ ကွန်မြူနစ် ပညာတတ်တစ်ယောက်ဖြစ်တာနဲ့အညီ သူ သမ္မတ ဖြစ်လာပြီးတဲ့အချိန်မှာ တရုတ်ပြည်သူလူထု အကျိုးစီးပွား ဖြစ်စေနိုင်တဲ့ လုပ်ငန်းတွေ နိုင်ငံခြား ဆက်သွယ်မှုတွေနဲ့ သူ့နိုင်ငံထဲမှာ တစတစ အမြစ်တွယ်လာနေတဲ့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်၊ အာဏာပိုင် ဆိုသူတွေရဲ့ အကျင့်ပျက် ခြစားလောက်ကိုက်မှုတွေကို အပြင်းအထန် အရေးယူ အပြစ်ပေး ထိန်းချုပ်မှုတွေ လုပ်ခဲ့တာ၊ တရုတ်စီးပွားရေးသမားတချို့ရဲ့ မသမာတဲ့ လောဘတွေကြောင့် ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေနဲ့ စားသုံးကုန်ပစ္စည်းတွေက စားသုံးသူတွေ အတွက် အန္တရာယ် ဖြစ်လာတဲ့ကိစ္စတွေအပေါ် ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးခဲ့တာတွေအပေါ်မှာတော့ သမ္မတ ရှီကျင်းပင်အတွက် သူ့နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ အားကောင်းတဲ့ အမှတ်တွေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ခုသူက တရုတ်နိုင်ငံရဲ့ ဦးသျှောင် အထွတ်အထိပ် ရာထူးကို ရသွားတဲ့အချိန်မှာ ကမ္ဘာမှာ တခုတည်းသော မဟာအင်အားကြီးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု မှာ သမ္မတ အပြောင်းအလဲဖြစ်မယ့်အချိန် ဖြစ်နေတော့ တက်လာမယ့် သမ္မတနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ ဘယ်လိုများ ပါဝင်လှုပ်ရှားလာလေမလဲ။ လောလောလတ်လတ် ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ ရေရှည်အကျိုးစီးပွားဖြစ်တဲ့ ပြည်တွင်းစစ်ကိစ္စမှာရော ဘယ်လို ဝင်ရောက် ကိုင်တွယ်ဖြေရှင်းလာလေမလဲ။ နာမည်ခံ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်အုပ်စုနဲ့ သူတို့နဲ့ ပြေလည်ပါမှ မြန်မာနိုင်ငံက ပြည်သူလူထု အသက်ရှူချောင်မယ် ဆိုပြီး အမျိုးသားရင်ကြားစေ့ရေး နာမည်သုံးပြီး စစ်တပ်နဲ့ ရင်ကြားစေ့ရေးကိုပဲ အလေးထားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးမှာရော မြန်မာနိုင်ငံ ပြည်သူလူထု အကျိုးစီးပွားကို အဓိကထားပြီး တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အင်တိုက်အားတိုက် အကူအညီပေးပါ့မလား။ စစ်အုပ်စုအလိုကျနဲ့ ကမ္ဘာ့အင်အား ချိန်ခွင်လျှာ ထိန်းညှိမှုမှာ အသုံးချရမယ့် ထီးရံ နန်းရံ နိုင်ငံတခုအဖြစ်ပဲထားဖို့ ရည်ရွယ်ကြိုးစားလာလေမလား… ဆိုတာကိုတော့ ကျနော်တို့ အသေအချာ စောင့်ကြည့်လေ့လာ ဝေဖန်ဆုံးဖြတ်ကြရမှာ ဖြစ်တဲ့အကြောင်း။       စိုးနေလင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024