နောက်ခံလူ ရာမို့စ်၏ဒဏ်ရာ စိုးရိမ်ဖွယ်မရှိဟု စပိန်နည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
စပိန်အသင်း နောက်တန်းခံစစ်မှူး ဆာဂျီယို ရာမို့စ်ဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဒူးခေါင်းအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပေမယ့် စိုးရိမ်ဖွယ်မရှိဘူးလို့ စပိန်နည်းပြ ဂျူလန်လိုပတီဂူက ပြောကြားလိုက်ပါတယ်။ အယ်လ်ဘေးနီးယားအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ပွဲမှာ ရာမို့စ်အနေနဲ့ မိနစ် ၈၀ မှာ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရတာပါ။ ကနဦးသတင်းတွေအရ ရာမို့စ်အနေနဲ့ အနည်းဆုံး တလနီးပါးလောက် အနားယူရမှာဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် ဒဏ်ရာက ထင်သလောက် မဆိုးရွားခဲ့လို့ လာမယ့်ပွဲအနည်းငယ်ပဲ အနားယူရဖို့ ရှိနေပါတယ်။ နည်းပြ ဂျူလန်လိုပတီဂူက စပိန်အသင်းအနေနဲ့ ကစားသမားကောင်း အတော်များများ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပေမယ့် အဆိုးရွားဆုံး အခြေအနေမှာတော့ ရှိမနေဘူးလို့ ပြောကြားခဲ့ပါတယ်။ စပိန်အသင်းဟာ လက်ရှိအချိန်မှာ အုပ်စု ဂျီ ရဲ့ ထိပ်ဆုံးနေရာမှာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၇ မှတ်နဲ့ အီတလီအသင်းရဲ့အပေါ်မှာ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up