ကျနော်တို့အဖွဲ့ဟာ အစိုးရလက်အောက်ခံအဖွဲ့မဟုတ်ပါဘူး
အေးနိုင်
·
October 26, 2011
အလုပ်သမားအဖွဲ့အစည်းတွေ တရားဝင်ဖွဲ့စည်းခွင့်ကို ခွင့်ပြုတဲ့ ဥပဒေသစ်တရပ်ကို သမ္မတ ဦးသိန်းစိန် မကြာခင်က လက်မှတ်ထိုး အတည်ပြုပြီးနောက် တောင်သူလယ်သမားများ အဖွဲ့တဖွဲ့ မနေ့က မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ပါတယ်။
လျှောက်လွှာကို အမြန်ချောပို့စနစ်နဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနကို ပေးပို့လိုက်ပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ကို တည်ထောင်သူ တဦးဖြစ်တဲ့ ဦးသန်းဆွေက သူတို့ အဖွဲ့အနေနဲ့ တောင်သူ လယ်သမားတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပြီး တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဦးသန်းဆွေနှင့် ဆက်သွယ်မေးမြန်းချက်။
ဦးသန်းဆွေတို့ရဲ့ ဒီအဖွဲ့မှာ လယ်သမားတွေကြီးပဲ ဦးဆောင်တာလား။ ဒါမှမဟုတ် ခေတ်ပညာတတ်တွေ ဦးဆောင်တာလား။ ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်ပါသလဲ။
“လောလောဆယ် ကျနော်က စောစောက စာခြောက်အင်အားစုကို ခေါင်းဆောင်တယ်။ နောက်ပိုင်းမှာ လယ်သမားကွန်ရက်ကို ထူထောင်တယ်။ အဲဒီအခါကျတော့ တိုင်းနဲ့ပြည်နယ် အနှံ့အပြားကနေ ကျနော်နဲ့ ဆက်သွယ်တဲ့သူတွေ များလာတယ်။ အဲဒီအထဲမှာ ပညာတတ်တွေရှိသလို ပညာတော့မတတ်ဘူး၊ စိတ်သန်တဲ့သူတွေရှိတယ်။ အဲဒီလိုလူတွေထဲမှာ လောလောဆယ်က စနစ်တကျ မလုပ်နိုင်သေးတော့ ဆက်သွယ်ရေးအရာရှိချုပ်ကလည်း မခန့်နိုင်သေးတဲ့အခါမှာ အစပျိုးလေး လုပ်ဖို့အတွက်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေမှာ အဲဒါလေးကို လုပ်နိုင်ရေးအတွက် အခုမှတ်ပုံတင် လျှောက်ထားတာကို စလိုက်တာပါ။”
လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်တုန်းက တောင်သူလယ်သမား အစည်းအရုံးဆိုပြီးတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်တုန်းက ဆောင်ရွက်ခဲ့တာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတယ်။ အဲဒီတောင်သူလယ်သမား အစည်းအရုံးနဲ့ ဦးသန်းဆွေတို့ အဖွဲ့အစည်းနဲ့က ဘယ်လိုနေရာတွေမှာ တူပြီးတော့ ဘယ်လိုနေရာတွေမှာ ကွဲပြားလဲဆိုတာ နည်းနည်းရှင်းပြပါ။
“ကျနော်တို့ အရင်တုန်းက မဆလ ခေတ်က တောင်သူလယ်သမား အစည်းအရုံးက အစိုးရလက်အောက်က၊ နောက်တခါ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်အောက်က၊ အခုကျနော်တို့အဖွဲ့က အစိုးရရဲ့ လက်အောက်က မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရခိုင်းတာကို လုပ်မယ့်အဖွဲ့မဟုတ်ပါဘူး။ နောက် ကျနော်တို့မှာ တခြားပါတီရဲ့ ဩဇာခံလည်း မဟုတ်ပါဘူး။ ကျနော်တို့ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်နေပါတယ်။ အဲဒီလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်နေတဲ့အတွက် ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း အရည်အသွေးရှိတဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမယ်ဆိုတာ တထစ်ချ တွက်ထားပြီးဖြစ်ပါတယ်။ ပေါ်လည်းပေါ်ပေါက်နေပါပြီ။”
လယ်သမားတွေရဲ့ အသံကို လွှတ်တော်ကိုယ်စားလှယ်မဟုတ်ပေမယ့် လွှတ်တော်ထဲကို ဆုံးဖြတ်ချက်ချတဲ့လူတွေဆီရောက်အောင် ဘယ်လိုလမ်းကြောင်းဖောက်မယ်ဆိုတာကိုလည်း ဖြေပေးပါလား။
“ပြည်သူ့လွှတ်တော်ကို ရောက်ဖို့အတွက်က ကျနော်တို့ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ အဲဒီကြားထဲမှာ တခုဖြစ်တဲ့ ဖြေရှင်းမှုတခုဆိုပါစို့။ ပြဿနာတခု ဖြေရှင်းဖို့၊ အစိုးရက ကျနော်တို့နဲ့ တရားဝင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာတွေ ရှိလာပါလိမ့်မယ်။.အဲဒီကျတော့ အဲဒီလို ပြဿနာတွေ ဘာကြောင့်ဖြစ်တယ်။ အဲဒီလိုပြဿနာတွေ အပေါ်မှာ ဘယ်လိုဥပဒေအသစ်မျိုးတွေ ထပ်ပြဋ္ဌာန်းဖို့လိုအပ်တယ်ဆိုတာကို နိုင်ငံတော်သမ္မတကြီး သိအောင်သော်လည်းကောင်း။ လွှတ်တော်ကိုယ်စားလှယ်တွေ သိအောင်သော်လည်းကောင်း ပထမ ရှင်းပြမယ်။ ပြီးတော့ အဲဒီဟာတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကနေ လွှတ်တော်မှာ တင်ပြပြီးတော့ ဥပဒေပြဋ္ဌာန်းတဲ့ အခြေထိအောင် ကျနော်တို့ စည်းရုံးမယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊ အဲဒီအလုပ်တွေလုပ်မယ်ဆိုရင် ဖြစ်လာမှာပါ။”
မြန်မာနိုင်ငံနဲ့ အရင်တုန်းက အရှေ့တောင်အာရှ စပါးကျီက အခုတော့ နောက်တမ်းရောက်တယ်ပေါ့။ အခုထိုင်းတို့ ဗီယက်နမ်တို့မှာ သူတို့က ကမ္ဘာ့အဆင့် ၂ ပေါ့။ ဆန်စပါးထွက်ကုန် ပစ္စည်းနဲ့ပတ်သက်လို့ ထိပ်တန်းရောက်နေတယ်။ အဲတော့ ဦးသန်းဆွေတို့မှာ နယ်ပယ်အနှံ့က တောင်သူလယ်သမားတွေနဲ့ ရင်းနှီးတယ်။ စကားအများကြီး ပြောခဲ့တယ်ဆိုတော့ သူတို့က တကယ်လို့လွတ်လပ်ခွင့် ရမယ်ဆိုရင် တွန်းလုပ်မယ့်ပုံစံမျိုးရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံက အဲဒီလောက် ချက်ချင်းမမီနိုင်တောင် ရေရှည် ပြည်ပတင်ပို့ကုန်နဲ့ ပတ်သက်လို့ ဘယ်လိုများ စဉ်းစားထားတာရှိလဲ။
“ဟိုနေ့က ဗီယက်နမ်မှာ ဆန်ပြိုင်ပွဲမှာ ပထမရတာ မြန်မာဆန်လေ။ မြန်မာပြည်က ရေခံမြေခံဟာ ခုနပြောတဲ့ ဗီယက်နမ်တို့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ စတဲ့အဲဒီနိုင်ငံတွေထက် ရေခံမြေခံဟာ မညံ့ဘူး။ သာတယ်ဆိုတာ ပေါ်နေတယ်။ အဲဒီဆန်ပြိုင်ပွဲမှာနိုင်ခဲ့တယ်။ အဲတော့ ကျနော်တို့ စပါးအထွက်တိုးဖို့ကိစ္စ၊ ပဲအထွက်တိုးဖို့ကိစ္စ၊ စသဖြင့် ရာဘာအထွက်တိုးဖို့ကိစ္စ သူက အရေးကြီးတာက တစ်အချက်က နည်းပညာ၊ နှစ်အချက်က အရင်းအနှီး၊ ဒီ ၂ ခုပဲ။ အဲဒီအရင်းအနှီးနဲ့ နည်းပညာတွေ ဘယ်လိုစီးဝင်အောင် ဘာလုပ်မလဲ။ ဒီပြဿနာကို ကျနော်တို့အဖွဲ့က အဖြေရှာမှာပါ။ အဲဒီလို အဖြေရှာပြီးတော့ နိုင်ငံတော်အစိုးရကို တင်ပြမယ်။ ကမ္ဘာ့အရပ်ရပ်က အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အကူအညီတွေ ကျနော်တို့ ရလာမှာပါ။ ကျနော်တို့ နည်းပညာတွေကို သူတို့လိုခေတ်မီလာအောင် သူတို့ဘက်က နည်းပညာတွေ ကျနော်တို့ ရယူပါမယ်။ နောက်တခါ အရင်းအနှီးကို ဘယ်လိုကုစားမလဲဆိုတဲ့ ကိစ္စမှာ နိုင်ငံတော်အစိုးရကို တင်ပြမယ်။ အရင်းအနှီးရအောင် ဘယ်လိုလုပ်သင့်တယ်။ ပြည်ပနိုင်ငံတွေကလည်း ကျနော်တို့ကို ဘယ်လိုတော့ကူညီပါ။ အရင်းအနှီးတွေနဲ့ ပတ်သက်လို့ ဖြစ်အောင် ပြဿနာအပေါ်မှာ တတ်နိုင်သလောက် အဖြေရှာပြီးတော့လုပ်ဖို့ ရည်ရွယ်ထားပါတယ်။”