ဂြိုဟ်တုစလောင်းလိုင်စင် ပြန်လုပ်ပေးတော့မည်
ရွှေအောင်
·
October 19, 2011
ဂြိုဟ်တုစလောင်း လိုင်စင်တွေ ပြန်ချပေးတော့မယ်လို့ ဒီနေ့လုပ်တဲ့ နေပြည်တော် အမျိုးသားလွှတ်တော်မှာ မေးခွန်းတခုကို ဖြေကြားရင်း ဆက်သွယ်ရေးဝန်ကြီးက ထည့်သွင်းပြောသွားတယ်လို့ လွှတ်တော်တက်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“စလောင်းနဲ့ပတ်သက်တဲ့ လိုင်စင်တွေ သက်တမ်းတိုးတာတွေကို။ အခု ဆက်သွယ်ရေး ဥပဒေကြမ်းတခုကို သူတို့ဆွဲနေပါတယ်။ ရှေ့နေချုပ်ရုံးကို တင်ထားပါတယ်။ အဲဒါပြီးရင်တော့ တီဗွီလိုင်စင်တွေ တက်မယ်။ နောက်ပြီးရင် ဂြိုဟ်တုစလောင်းကြီးတွေနဲ့ လိုင်စင်ကြေးပေးပြီးတော့ ကြည့်လို့ရမယ်။ သက်တမ်းတိုးလို့ရမယ်။”
ဂြိုဟ်တုစလောင်းကြည့်ခွင့်လိုင်စင်တွေကို ၂၀၀၅ ခုနှစ်ကတည်းက ရပ်နားထားတာ ဖြစ်ပါတယ်။
တီဗွီ၊ ရေဒီယိုအပါအဝင် ဂြိုဟ်တုစလောင်းလိုင်စင်ကြေးတွေ တိုးကောက်ဖို့ရှိပြီး ဂြိုဟ်တုစလောင်းကိုတော့ တရားဝင်ကြည့်ခွင့် ရတော့မယ်လို့လည်း ဆိုပါတယ်။
ရေဒီယို၊ တီဗွီအပါအဝင် စလောင်းတပ် အသုံးပြုသူတွေ တော်တော်များများက လက်ရှိအချိန်မှာ လိုင်စင် လုပ်ပြီး သုံးတဲ့သူမရှိသလောက်ဘဲလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
အခုလို လိုင်စင်နဲ့ပတ်သက်တဲ့ ဆက်သွယ်ရေးဥပဒေ တိတိကျကျထွက်လာရင်တော့ ကြိုဆိုရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
လက်ရှိလိုင်စင်နှုန်းထားတွေဟာလည်း ခေတ်စနစ်နဲ့ မကိုက်ညီတော့ပါဘူး။ ရေဒီယိုလိုင်စင်ကြေးဆိုရင် တနှစ်လုံးမှ ကျပ်ရာဂဏန်းပဲ ပေးဆောင်ရပါတယ်။