နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် အတ္တလန္တိတ်သမုဒ္ဒရာဖြတ် ခရီးစဉ် စတင်

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာကို တပတ်ပတ်ပျံသန်းနေတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ရဲ့ အရှည်ဆုံး ခရီးစဉ်ဖြစ်တဲ့ အတ္တလန္တိတ် သမုဒ္ဒရာဖြတ် ခရီးစဉ်ကို ဇွန် ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ စတင်လိုက်ပါတယ်။ ခရီးစဉ်အားလုံး နာရီ ၉၀ ကြာမြင့်မှာဖြစ်ပြီး လေယာဉ်မှူးတဦးဖြစ်တဲ့ ဘာတရန် ပပ်ခ်ကပ် (Bertrand Piccard) တဦးတည်းက မောင်းနှင်မှာဖြစ်ပြီး စပိန်နိုင်ငံ ဆယ်ဗီးလ်မြို့မှာ ဆင်းသက်မှာပါ။ ဇွန် ၁၉ ရက်နေ့က ထွက်ခွာဖို့ စီစဉ်ခဲ့ကြပေမယ့် ရာသီဥတုဆိုးရွားလို့ ၂၀ ရက်နေ့ကျမှ ထွက်ခွာနိုင်ခဲ့တာပါ။ လေယာဉ်မှူးကတော့ ခရီးစဉ်တခုလုံးမှာ အိပ်စက်ချိန်နည်းနည်းပဲ ရရှိမယ်လို့ ခရီးစဉ်ထောက်ကူရေးအဖွဲ့က ဆိုပါတယ်။ ဒီအတ္တလန္တိတ်သမုဒ္ဒရာဖြတ် ခရီးစဉ်ဟာ အခုနှစ်အတွင်း Solar Impulse 2 လေယာဉ်ရဲ့ အရှည်ဆုံး ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ရဲ့ အတောင်ပံအကျယ်ဟာ ဘိုးအင်း ၇၄၇ (Boeing 747) ခရီးသည်တင်လေယာဉ်ရဲ့ အတောင်ပံ အကျယ်လောက်ရှိပြီး အဲ့ဒီအတောင်ပံ ၂ ဘက်ပေါ်မှာ နေရောင်ခြည်စွမ်းအင်ကို ရယူမယ့် ဆိုလာပြားငယ် အချပ် ၁၇၀၀၀ ကျော် တပ်ဆင်ထားတာပါ။ ပြီးခဲ့တဲ့နှစ် မတ်လ ၉ ရက်နေ့က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ကနေ ကမ္ဘာတပတ်ခရီးစဉ် စတင်လိုက်ပြီး အာရှတိုက်၊ ပစိဖိတ်သမုဒ္ဒရာနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖြတ်သန်းပြီးပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up