Home
မြန်မာသတင်း
ခွေးလေခွေးလွင့်များအတွက် မြို့ပြင်တွင် နေရာချထားပေးရန် တောင်းဆို
DVB
·
May 19, 2016
ခွေးလေခွေးလွင့်တွေကို အဆိပ်ကျွေး သတ်ဖြတ်တဲ့နည်းထက် တိရစ္ဆာန်တွေ သက်တမ်းစေ့နေနိုင်အောင် အစိုးရက မြို့ပြင်မှာ နေရာချထားပေးဖို့ တိရစ္ဆာန်ချစ်သူတွေက တောင်းဆိုလိုက်ပါတယ်။ မြို့တော်စည်မံချက်နဲ့အညီ စည်ပင်သာယာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးဘက်က အလေအလွင့်ခွေးတွေကို အဆိပ်ကျွေး သတ်ဖြတ်နေတာကြောင့် တိရစ္ဆာန်တွေ သက်တမ်းစေ့နေနိုင်အောင် အစိုးရအနေနဲ့ မြို့ပြင်မှာ မြေနေရာချထားပေးဖို့ အခုလို တောင်းဆိုခဲ့ကြတာပါ။ “အစိုးရက ဒီအချိန်အခါမှာ အရမ်းအလုပ်မအားဘူး အစ်မတို့ နားလည်တယ်။ အဲတော့ သူတို့ ဘာလုပ်ရမလဲ။ စည်ပင်က ဒီလိုမျိုး ကြောင်တွေ ခွေးတွေကို အဆိပ်ချမယ်ဆိုလည်း အချိန်ပေးရတာပဲလေ။ အစာကျွေးရင်လည်း အစာဖိုးကုန်တာပဲ။ အဆိပ်ဖိုးကုန်တာပဲ။ အဲဒီလိုကုန်မယ့်အစားပေါ့ ကိုယ်လည်း အကုသိုလ်မရှိဘူး။ အသက်လည်း မသေမယ့်နည်းနဲ့ပေါ့နော်။ အစ်မတို့က တိရစ္ဆာန်ချစ်သူတွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ခြံတွေဝန်းတွေ၊ အစိုးရကတော့ ခြံဝန်းချပေးမှ ရမယ်လေ။ အစ်မတို့လည်း တပိုင်တနိုင် တတ်အားသရွေ့ ခွေးလေးတွေ၊ ကြောင်လေးတွေ သတ္တ၀ါလေးတွေအတွက် တတ်အားသရွေ့လုပ်ပေးမှာပဲ” လို့ တိရစ္ဆာန်ချစ်သူများအဖွဲ့မှ ဒေါ်ဝေေ၀မိုးက ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ခွေးလေခွေးလွင့်၊ မြေကြွက်၊ ရောဂါပိုး သယ်ဆောင်တတ်တဲ့ တိရစ္ဆာန်တွေကို သင့်လျော်တဲ့ နည်းလမ်းနဲ့ သုတ်သင်ခွင့်ရှိတယ်လို့ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့် အင်္ဂလိပ်ခေတ်က ဘားမားကုတ် အတွဲ ၄ မှာ တိရစ္ဆာန်အခွင့်အရေးကို ကာကွယ်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကလည်း ယနေ့အချိန်အထိ မဖျက်သိမ်းရသေးဘူးလို့ တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအသစ်ဟာ ဥပဒေဟောင်းကို ဖျက်သိမ်းပြီးမှ ပြဋ္ဌာန်းရမယ့် လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ခဲ့တယ်လို့ ပြောပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က “တိရစ္ဆာန်တွေကို ကာကွယ်တဲ့ ဥပဒေတောင် အင်္ဂလိပ်လက်ထက်မှာ ပြဋ္ဌာန်းသေးတာကိုး။ ဗိုလ်ချုပ်ထွန်းကြည်တို့လည်း မန္တလေးမှာ လုပ်ခဲ့ဖူးတယ်။ လှည်းကူးမှာလည်း လုပ်ခဲ့ဖူးတော့ အခုလည်း ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ နည်းလမ်းရှာပြီးတော့ပေါ့ ပြည်သူတွေကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ အန္တရာယ်မဖြစ်အောင်၊ တိရစ္ဆာန်တွေကိုလည်း ကာကွယ်တဲ့ဥပဒေနဲ့ ညီညွတ်အောင်ပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်လို့ကတော့ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ အနေနဲ့ နည်းလမ်းရှာသင့်တယ်။ ပြီးတော့ ဆောင်ရွက်ပေးသင့်တယ်လို့ ဆရာကတော့မြင်တယ်” လို့ ပြောပါတယ်။ မြို့တော်စည်မံချက်နဲ့ ခွေးလေခွေးလွင့်တွေကို သုတ်သင်နေတဲ့ လက်ရှိနည်းတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် တဦးကလည်း မထောက်ခံဘူးလို့ ပြောဆိုလိုက်ပါတယ်။ တိရစ္ဆာန်ချစ်သူတွေဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့က ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံမှာ အဆိပ်ချသတ်ဖြတ်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ လက်မှတ်တွေ ကောက်ခံခဲ့ပြီး ရန်ကုန်မြို့တော်ဝန်ဆီကို ပေးပို့သွားမယ့် အစီအစဉ်တခုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ တိရစ္ဆာန်ချစ်သူတွေနဲ့ မြို့တော်စည်ပင်သာယာရေးတို့ လက်တွဲပြီး ဆိုးသွမ်းနေတဲ့ ခွေးလေခွေးလွင့်တွေကို ဖမ်းဆီးသွားမယ့် အစီအစဉ်တွေလည်း ပါတယ်လို့ တိရစ္ဆာန်ချစ်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024