Home
မြန်မာသတင်း
တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာဈေးနှုန်း တကယ်လိုအပ်သူများ လက်လှမ်းမမီ
DVB
·
May 11, 2016
အစိုးရက အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတ အိမ်ရာတန်ဖိုးဟာ အမှန်တကယ် အိမ်လိုအပ်တဲ့သူတွေ မတတ်နိုင်တဲ့ဈေးနှုန်း ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ရန်ကုန်မှာ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွေကို ဖော်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ဒီစီမံကိန်းတွေက လိုအပ်သူတွေအတွက်တော့ လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေပဲဖြစ်ပါတယ်။ ဒီသက်ရောက်မှုက ပြည်တွင်းအိမ်ခြံမြေ အပါအ၀င် ဆောက်လုပ်ရေးဈေးကွက်ကို အေးစက်မှု ရှိစေခဲ့တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောပါတယ်။ “လက်လှမ်းမီအောင် လုပ်ပေးလိုက်ရင် ၀ယ်နိုင်တယ်။ အဲတော့ ဘယ်လိုလုပ်ပေးမှာလဲ။ နှစ်ရှည် Installment တွေနဲ့ ၀ယ်နိုင်ရင် အဆင်ပြေတယ်။ အဲအတွက် ငွေချေးပေးရမှာ။ အဲဒါက ဘဏ်တွေရဲ့လုပ်ငန်း ဖြစ်သွားတယ်။ အဲဒီဘဏ်တွေကို ကျနော်တို့က ညှစ်ထားတဲ့အတွက် ဘဏ်တွေက ကြီးပွားသင့်သလောက် မကြီးပွားဘူး။ တကယ်တော့ ဘဏ်တိုင်းဟာ နိုင်ငံခြားဘဏ်တွေနဲ့ စနစ်တကျ ပူးပေါင်းလိုက်ရင် ကျနော်တို့ ပြည်တွင်းဘဏ်တွေကလည်း ရပ်တည်နိုင်တယ်။ အတိုးကလည်း ၄၊ ၅ ကျပ်တိုးနဲ့ ချေးနိုင်မယ်။ နောက်တခါ ၀ယ်တဲ့လူတွေအတွက်ကိုလည်း များများချေးနိုင်မယ်။ အဲဒီလို ဘဏ်တွေလည်း ဖွံ့ဖြိုးလာအောင်လုပ်ဖို့ ဒါတွေလည်းလိုတယ်။” လက်ရှိဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက် အေးစက်နေတဲ့ သက်ရောက်မှုက ပြည်တွင်းဘဏ်လုပ်ငန်းအပေါ်ပါ သက်ရောက်မှု ရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကလည်း ပြောပါတယ်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းကစပြီး အရောင်းအ၀ယ်တွေ အေးစက်ခဲ့လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အကျပ်အတည်းတွေ ရှိခဲ့သလို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းငယ်တွေ အတွက်ကလည်း ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024