Home
မြန်မာသတင်း
မူဝါဒ ၄ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ထပ်ဖွဲ့ဟု ဆို
DVB
·
May 5, 2016
အစိုးရသစ်ချမှတ်ထားတဲ့ မူဝါဒ ၄ ချက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနတခု ထပ်ဖွဲ့မှာဖြစ်တယ်လို့ သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ အတိုင်ပင်ခံရုံးဝန်ကြီးးဌာနကို တခြားဝန်ကြီးဌာနတွေလို နိုင်ငံအနှံ့ဖွဲ့စည်းမှာ မဟုတ်ဘဲ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းလုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ “၀န်ကြီးဌာနဖွဲ့ဖို့ လျထားဆောင်ရွက်နေပြီး သူက ကျန်တဲ့ ၀န်ကြီးဌာန အကြီးကြီးတွေပေါ့။ ပြည်နယ်တိုင်းတွေမှာလည်း ရှိတယ်။ ဦးစီးဌာန လက်အောက်ခွဲ ဌာနခွဲတွေ အဲ့လိုမျိုး အဆင့်ဆင့် ရှိတဲ့ ၀န်ကြီးဌာနမျိုးတော့ မဟုတ်ဘူး။ ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်းမယ့် ၀န်ကြီးဌာနပေါ့။” ၀န်ကြီးဌာနအသစ်ဖြစ်လို့ ၀န်ကြီးတဦးခန့်ထားပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ပြောပါ တယ်။ ဌာနဖွဲ့စည်းဖို့ လျာထားလုပ်ဆောင်နေပြီဖြစ်ပေမယ့် ဘယ်ဌာနက ၀န်ထမ်းတွေနဲ့ ဖွဲ့စည်း လုပ်ဆောင်သွားမယ်ဆိုတာတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့ ပေးပို့တဲ့ သ၀ဏ်လွှာထဲ မှာတော့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် လုပ်နိုင်ဖို့ ဆက်စပ် လုပ်ဆောင်မယ့် ၀န်ကြီးဌာနတခုလိုလို့  အတိုင်ပင်ခံရုံးဝန်ကြီးဌာနထပ်ဖွဲ့မှာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။ အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာန ၂၁ ခုထိ လျှော့ချပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး အခု အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကို ၂၂ ခုမြောက်ဝန်ကြီးဌာနအဖြစ် ထပ်ဖွဲ့ဖို့ ပြင်ဆင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024