Home
မြန်မာသတင်း
ထိုင်းရေထိန်းနံရံတည်ဆောက်မှုမကျေနပ်၍ မြန်မာဘက်ခြမ်းဂိတ်အချို့ပိတ်
နန်းမြနဒီ
·
April 21, 2016
ထိုင်း-မြန်မာနယ်နိမိတ်ကြား စီးဆင်းနေတဲ့ သောင်ရင်းမြစ်မှာ ထိုင်းနိုင်ငံဘက်ခြမ်းက ရေထိန်းနံရံ တည်ဆောက်နေမှုပေါ် မကျေနပ်တဲ့အတွက် မြန်မာဘက်ခြမ်းက ရေကြောင်းလမ်းဝင်ပေါက် တချို့ကို ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်က ပိတ်လိုက်ပါတယ်။ ဧပြီ၂၁ ရက်မနက်က ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ် အင်အား ၂၀ ကျော်ဟာ တာ့ခ်ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လုတ်ရပ်ကွက်နဲ့ မျက်နှာချင်းဆိုင် အမှတ် ၁၀ နဲ့ အမှတ် ၇ သောင်ရင်းမြစ်ဆိပ် ၂ နေရာကို လက်နက်ကိုင်ရောက်လာပြီး ထိုင်းဘက်ကနေပို့ဆောင်မယ့် ကုန်စည်တွေကို ပိတ်ပင်ခဲ့သလို အဆိုပါဂိတ်ကို ဖြတ်သန်းသွားမယ့် ခရီးသွားပြည်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားတွေကိုပါ ပိတ်ပင်ခဲ့တယ်လို့ နယ်မြေတွင်း ကွင်းဆင်းစစ်ဆေး ခဲ့တဲ့ တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန် နိုင်းဆုခ်ထားဆိုင်ဝါးနစ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီမတိုင်ခင်က သောင်ရင်းမြစ်ကမ်းနံရံမှာ ထိုင်းလုပ်ငန်းရှင်တဦးက အရှည် မီတာ ၁၀၀ ရှိ ရေထိန်းတံတိုင်းဆောက်လုပ်နေတာကို မြန်မာဘက်က သဘောမတူတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်း ရပ်တံ့ဖို့ အကြိမ်ကြိမ်ဟန့်တားခဲ့ပေမယ့် ဆက်ဆောက်နေလို့ မြန်မာဘက်က ၀င်ပေါက်ပိတ်လိုက်တာလို့ ဒုခရိုင်ဝန်ကပြောပါတယ်။ ဘီဂျီအက်ဖ် တပ်ဖွဲ့ဝင်တွေဟာ သူတို့ဖွင့်လှစ်ထားတဲ့ ကာစီနိုလောင်းကစားရုံကိုပါ ပိတ်ထားတဲ့အတွက် ခါတိုင်း ထောင်နဲ့ချီဝင်ထွက်သွားလာနေတဲ့ ထိုင်းဘက်က ဧည့်သည်တွေ ၀င်မလာတော့ဘဲ ကုန်စည်ပို့ဆောင်မှုလည်း ရပ်တံ့သွားလို့ နယ်စပ်မှာအရောင်းအ၀ယ် လုပ်နေသူတွေ ထိခိုက်မှုရှိတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။ ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တွေဟာ သောင်ရင်းမြစ်ကမ်းရှိ အခြားဝင်ပေါက်တွေလည်း ဆက်လက် ပိတ်ပင်ဖို့ လုပ်နေကြောင်း၊ ဒါပေမယ့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကတော့ မပိတ်ဘဲ ပုံမှန်ဖွင့်လှစ်လျှက်ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ တာ့ခ်ခရိုင်နဲ့ မြ၀တီခရိုင် ၂ ခုကြားမှာ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားတဲ့ ၀င်ပေါက်ဂိတ် စုစုပေါင်း ၂၄ ဂိတ်ရှိပါတယ်။ ခုလို နယ်စပ်ဂိတ်ရုတ်တရက်ပိတ်လိုက်ရတဲ့ ပြဿ နာကို ညှိနှိုင်းဖြေရှင်းဖို့ ထိုင်းဘက်ခြမ်း တာ့ခရိုင်ဘက်က အာဏာပိုင်တွေနဲ့ မြန်မာဘက်ခြမ်း မြ၀တီအာဏာပိုင်တွေဟာ ဒီကနေ့ ညနေပိုင်း မြ၀တီမြို့မှာ အရေးပေါ်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းစစ်တပ်အသိုင်းအ၀ိုင်းက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024