Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်များ ဆုတ်ခွာရန် အစိုးရတပ်ညွှန်ကြား
DVB
·
April 20, 2016
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေး နဲ့ လွယ်လန်းတောင်ပေါ်က ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ အစိုးရတပ်က ညွှန်ကြားလိုက်ပါတယ်။ သံလွင်မြစ်အနောက်ခြမ်းဘက်မှာရှိတဲ့ အဲဒီစခန်းတွေကို ဧပြီလ ၂၂ ရက်နေ့မှာ  နောက်ဆုံးထားပြီး ဆုတ်ခွာသွားဖို့   လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဧပြီ ၁၉ ရက်နေ့မှာ ညွှန်ကြားလာတယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် စ၀်စိုင်းထူးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီ လွယ်စေး၊ လွယ်လန်းဒေသတ၀ိုက်က ကျနော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေး ဆယ်ကတည်းက အခြေစိုက်နေထိုင်လာခဲ့တာ။ သူတို့က နယ်မြေရှင်းလင်းရေးလို့ အကြောင်းပြပြီး ဆုတ်ခိုင်းတာပေါ့လေ။ အရင်ကလည်း ၇ မိုင်စခန်းတို့၊ တာ့ဆမ်ပူးတို့၊ တာ့ဖာဆောင်တို့ ဆုတ်ခိုင်းလို့ ဆုတ်ပေးခဲ့ရပြီးပြီ။ အခုထပ်ဆုတ်ရရင် ကျနော်တို့ နေစရာမရှိတော့ဘူး၊ ဒါကြောင့် ဆုတ်ပေးဖို့ အခက်အခဲရှိမယ်။ ဒါပေမယ့် ဆုတ်မယ် မဆုတ်ဘူးကတော့ ကျနော်ကတော့ ပြောလို့မရပါဘူး။ ဗဟိုကော်မတီဝင်အားလုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။” လွယ်စေး၊ လွယ်လန်းစခန်းတွေဟာ မြေမြင့်တောင်ပေါ်မှာရှိပြီး သံလွင်အရှေ့ခြမ်းမှာရှိတဲ့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ပန်ယန်း၊ မန်းဆိုင် စတဲ့မြို့တွေကို လှမ်းမြင်နေ ရကြောင်း၊ သူတို့ရွှေ့ပေးလို့ အစိုးရတပ်က အဲဒီနေရာကို ၀င်ရောက်လာမယ်ဆိုရင် ယူဒဗလျူအက်စ်အေ နဲ့ အဆင်မပြေဘူးဆိုရင် အဝေးကနေ ၁၅၀ မမ၊ ၁၂၀ မမ အစရှိတဲ့ လက် နက်ကြီးတွေနဲ့ အလွယ်တကူလှမ်းထုနိုင်မယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ မဟာမိတ်လုပ်ထားတဲ့ ယူအန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် တပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပါဘူး။ အခု အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ မျှော်လင့်ပြီး လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ယူအန်အက်ဖ်စီက ကျင်းပနေတဲ့ အစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု အစည်းအဝေးမှာလည်း ပါဝင်ဆွေးနွေးနေပါတယ်။ ၂၀၁၅  နှစ်ကုန်ပိုင်းက ၀မ်ဟိုင်းဌာနချုပ်အနီး မိုင်းရှူး၊ မိုင်းနောင် မြို့နယ်တွေအတွင်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ တစ်သောင်းကျော် အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး တချို့မှာ ခုထိအိမ်မပြန်ရသေးဘဲ ဒုက္ခသည်စခန်းတွေမှာ မှီခိုနေထိုင်နေရဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024