Home
မြန်မာသတင်း
ကချင်ပါတီ ၃ ခု ပူးပေါင်းရေး မူအားဖြင့် သဘောတူ
DVB
·
April 12, 2016
ကချင်ပြည်နယ်မှာရှိတဲ့ ကချင်ပါတီ ၃ ပါတီဟာ ကချင်လူထုတွေရဲ့ တောင်းဆိုချက်အရ ပေါင်းစည်းသွားဖို့ မူအားဖြင့်သဘောတူညီထားပြီး ဧပြီ ၂၄ ရက်နေ့မှာပေါင်းစည်းရေးဆွေးနွေးသွားဖို့ရှိတယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်က ပြောပါတယ်။ “အရင်တုန်းကတော့ ကျနော်တို့ ကချင်ပြည်နယ်ထဲမှာ ပါတီတွေ မဖွဲ့နိုင်သေးတဲ့အခါကျတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ရှိကြတာပေါ့နော်။ ဒါကြောင့်မို့ ပါတီကို ထူထောင်ကြတယ်။ ဒါပေမယ့် လက်ရှိမှာ ပါတီတွေများလာတဲ့အခါကျတော့ ကျနော်တို့ အောင်နိုင်ဖို့ခက်ခဲသွားတာ တွေ့ရတယ်။ ဒါဘာပဲဖြစ်ဖြစ် ပူးပေါင်းရမယ်ဆိုတဲ့အကြောင်း သွားတွေ့ကြတာပေါ့နော်။ ဒါကြောင့်မို့ ပူးပေါင်းဖို့ လုပ်တယ်လို့လည်းပဲ ယူဆပါတယ်။” ကချင်ပြည်နယ်မှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ ကချင်ဒီမိုကရက်တစ်ပါတီ KDP နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် KNCD တို့ ရှိပြီး အဲဒီပါတီတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် နေရာအနည်းငယ်သာ အနိုင် ရရှိခဲ့ပါတယ်။ ဒါကြောင့် ပါတီပူးပေါင်းရေးအတွက် စတင်ဆွေးနွေးမှုတွေရှိခဲ့ကြပြီး မြစ်ကြီးနားမြို့မှာ ပဏာမ အစည်းအဝေး ၂ ကြိမ်ပြုလုပ်ပြီး ပူးပေါင်းဖို့ မူအားဖြင့်သဘောတူခဲ့ကြတာပါ။ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ဥက္ကဋ္ဌ ဦးစီစီနော်ကတော့ ပါတီတွေ ပေါင်းစည်းနိုင်ရေး ဆွေးနွေးဖို့လိုသေးတယ်လို့ ပြောပါတယ်။ “လောလောဆယ် ကျနော်တို့ပေါင်းဖို့ကတော့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါပေမယ့်လို့ ပေါင်းပုံ ပေါင်းနည်းက တော်တော်ကြီးကို ဦးနှောက်စားစရာပဲ။ ကျနော်တို့ပါတီတွေထဲမှာ ယူအန်အယ်အေ၊ အန်အယ်လ်ဒီနဲ့ မဟာမိတ်လုပ်ထားတယ်။ ဟိုဖက်မှာကကျတော့ KDP နဲ့ KSDP တို့က NBF နဲ့ မဟာမိတ်လုပ်ထားတယ်။ ဒါကြောင့် ကျနော်တို့က ပထမဆုံး အတွင်းထဲမှာ ညှိနှိုင်းဖို့လိုတယ်။ နောက်ပြီးကျနော်တို့က ၈ ပြည်နယ်မူနဲ့သွားတယ်။ ဟိုဖက်က ကျတော့ ၁၅ ပြည်နယ်မူနဲ့ သွားတယ်ဆိုတော့ အဲဒီမူတို့ ပါတီရဲ့ရမယ် standard တွေကို တဖြည်းဖြည်းခြင်းညှိဖို့ လိုသေးတယ်” ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားပါတီ ၃ ခုအပြင် တိုင်းလိုင် ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသားပါတီ ၅ ခု တရားဝင်တည်ထောင်ခွင့် ရရှိထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024