Home
မေးမြန်းခန်း
အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိသင့်တော့ဘူး - ဦးတိတ်နိုင်
DVB
·
April 7, 2016
အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ဦးစားပေးပြီး လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ အေအေပီပီ-ဘီရဲ့ ရှေ့ဆက် ရပ်တည်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ အေအေပီပီအနေနဲ့ ဒီအစိုးရအသစ်အပေါ် အမြင်သဘောထားလေး နည်းနည်းလောက် ပြောပြပေးပါလားခင်ဗျ။ “ဟုတ်ကဲ့။ ကျနော်တို့နိုင်ငံက အဘက်ဘက်ကနေပြီးတော့ ယိုယွင်းပျက်စီးနေခဲ့တာ ကြာပါပြီ။ ဆိုတော့ အခုအချိန်မှာတော့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အတိုင်း လူထုက ရွေးချယ်လိုက်တဲ့ အစိုးရသစ်တရပ် ပေါ်ပေါက်လာတဲ့အတွက်တော့ ကျနော်တို့အနေနဲ့တော့ အများကြီး မျှော်လင့်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အများကြီး မျှော်လင့်ပါတယ်။” အခုတက်လာတဲ့ အစိုးရက ပြည်သူလူထု တင်မြှောက်တဲ့အစိုးရ ဖြစ်တယ်ပေါ့နော်။ အစိုးရသစ် တက်လာပြီဆိုတော့ နိုင်ငံရေးအကျဉ်းသား တဦးမကျန် လွှတ်ပေးဖို့ကို ဘာပြောချင်ပါသလဲ။ “ဟုတ်ကဲ့။ ကျနော်တို့အနေနဲ့တော့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကော၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌ကော အရင်ကတည်းက ပြောနေတာတွေ ရှိပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား တယောက်ရှိနေရင်တောင် အရမ်းများနေပါပြီဆိုပြီး ပြောနေတာတွေ ရှိပါတယ်။ တကယ်လည်း ဒီအစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ဦးစားပေးပြီးတော့ လုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့တော့ မျှော်လင့်ပါတယ်။” နိုင်ငံရေးအကျဉ်းသား တယောက်ကျန်နေသေးတယ်ဆိုရင် ဒါက မလွတ်မြောက်သေးဘူးလို့ ခုနက ပြောတာပေါ့နော်။ ဘာကြောင့် အဲ့လိုဖြစ်ရလဲ။ “ကျနော်တို့ ဒီ နိုင်ငံရေးအကျဉ်းသားဆိုတာက ဒီနိုင်ငံရေးအရ အတွေးအခေါ်အရ အစိုးရနဲ့ သဘောမတူလို့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဆိုတော့ အဓိကကတော့ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် လုပ်ရင်းနဲ့ လက်ရှိအစိုးရတွေနဲ့ သဘောမတူတဲ့ အတွက်ကြောင့်မို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့လူတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီနိုင်ငံမှာဆိုရင်တော့ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိတယ်၊ ပြောဆိုခွင့်ရှိတယ်၊ ဝေဖန်ခွင့်ရှိတယ်၊ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိသင့်တော့ပါဘူး။” ဒါကတော့ နိုင်ငံရေးအကျဉ်းသား မလွတ်မြောက်သေးဘူးလို့ ဆိုတာပေါ့နော်။ တယောက်ကျန်နေသေးမယ်ဆိုရင်ရော ဘာဖြစ်သွားနိုင်လဲခင်ဗျ။ “ဒီမိုကရေစီနိုင်ငံမှာဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိကို မရှိသင့်ပါဘူး။ တယောက်မှကို မရှိသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စက တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးတွေအတွက် ကြိုးစား လုပ်ဆောင်ရင်းနဲ့ လက်ရှိအစိုးရတွေနဲ့ သဘောထားကွဲလွဲလို့ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရတာပါ။ ဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ ဒီ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲခွင့် ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသားဆိုတာ အကျဉ်းထောင်ထဲမှာ တယောက်မှကို နိုင်ငံရေးအရ ရှိကို မရှိသင့်တဲ့ကိစ္စပါ။” ဒီအစိုးရသစ်လည်း တက်လာပြီ၊ နိုင်ငံရေးအကျဉ်းသားလည်း တဦးမကျန် လွှတ်ပေးပြီဆိုရင် အေအေပီပီအနေနဲ့ ဒီလုပ်ငန်းကို ဘယ်လိုရပ်တည် လုပ်သွားမလဲ။ ဘယ်လို ဆက်လုပ်မလဲခင်ဗျ။ “ကျနော်တို့ အေအေပီပီရဲ့ ရည်ရွယ်ချက်မှာကိုက၊ မျှော်မှန်းချက်မှာကိုက ပါပါတယ်။ ဆိုတော့ ကျနော်တို့ရဲ့ တကယ့်မျှော်မှန်းချက်က နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး ရရှိရေးအတွက် ကျနော်တို့ စွမ်းအားရှိသလောက် ကြိုးစားမယ် ဆိုတာပါ။ ဒီ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိတော့ဘူးဆိုရင် ကျနော်တို့ ပြန်လည်ထူထောင်ရေးကိစ္စတွေ အများကြီးလုပ်ရမှာပါ။ နောက်တခါ ပြန်လည်ထူထောင်ရေးကိစ္စတွေ လုပ်ရမယ့် တဆက်တည်းမှာပဲ ကျနော်တို့ တရားမျှတရေးကိစ္စဆိုတဲ့ ကိစ္စမျိုးတွေလည်း လုပ်ရမှာဖြစ်တယ်။ တရားမျှတရေးဆိုတဲ့ ကိစ္စက နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ လူတွေအတွက် လျော်ကြေးပေးတာမျိုး၊ သူတို့အတွက် အထိမ်းအမှတ် လုပ်ပေးတာမျိုး၊ အခမ်းအနား လုပ်ပေးတာမျိုး စသဖြင့်ပေါ့၊ တောင်းပန်တာမျိုး၊ အဲ့လိုမျိုးတွေက မဖြစ်မနေ လုပ်ရမယ့် အနေအထားမျိုးတွေ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့က ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီလူတွေရဲ့ ဝေဒနာကို တစုံတရာ ဆေးကြောနိုင်မှသာ နောင်အနာဂတ်မှာ ဒီမိုကရေစီရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စကို ကျနော်တို့ ဖြောင့်ဖြောင့်တန်းတန်း၊ မြန်မြန်ဆန်ဆန် သွားနိုင်မှာပါ။” မြန်မြန်ဆန်ဆန် သွားနိုင်ဖို့ဆိုတာ နိုင်ငံရေးအကျဉ်းသား မရှိမှဘဲ ဒီနိုင်ငံ တိုးတက်မှု မြန်မြန်ဆန်ဆန် သွားနိုင်မှာပေါ့နော်။ ဟုတ်ကဲ့ ဘယ်လိုကဏ္ဍမှာလဲပေါ့။ “ကျနော်တို့က ချစ်ခြင်း မုန်းခြင်း ဆိုတာကို ကျနော်တို့ မပြောပါဘူး။ သို့ပေမယ့် ကျနော်တို့က အတိတ်မှာဖြစ်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့၊ မတရားတဲ့ ပြစ်မှုတွေ၊ တရားလက်လွတ် ဖမ်းဆီးတယ်၊ ထိန်းသိမ်းတယ်၊ နှိပ်စက်တယ်၊ ညှဉ်းပန်းတယ်ဆိုတဲ့ ကိစ္စမျိုးတွေ နောင်အနာဂတ်မှာ မဖြစ်ပေါ်အောင်လို့ ကျနော်တို့က ကာကွယ်ရမှာပါ။ ဒီလို ကာကွယ်နိုင်ဖို့အတွက် ကျနော်တို့ အတိတ်ကိုတော့ ပြန်မကြည့်လို့ မရပါဘူး။ ဆိုတော့ အခုဆိုရင်ပဲ ဒီ ပြစ်မှုကျူးလွန်တဲ့လူတွေက ဥပဒေရဲ့ ကင်းလွတ်ခွင့်တွေ ရနေကြတာ ဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ကျူးလွန်နေတာဖြစ်တယ်။ ဆိုတော့ကာ ဒါမျိုးတွေ မဖြစ်အောင်လို့ ကျနော်တို့ ဘာမှမလုပ်ဘူးဆိုရင် ကျူးလွန်တဲ့သူတွေက ဆက်ပြီးကျူးလွန်ဖို့ ကျနော်တို့ အားပေးနေသလို ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ဆက်ပြီး မကျူးလွန်နိုင်အောင်လို့ ကျနော်တို့က တရားမျှတရေး အစီအစဉ်ဆိုတဲ့ ကိစ္စတွေက၊ အခု အသွင်ကူးပြောင်းရေးကာလမှာ မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေကလည်း အေအေပီပီအနေနဲ့ ဒါမျိုးတွေ ပေါ်ပေါက်လာဖို့အတွက် ကျနော်တို့ ကြိုးစားမယ်။ ခုနကပြောသလို ကျနော်တို့ ပြန်လည်ဖြည့်ဆည်းခြင်း ကိစ္စမျိုးတွေ၊ ပြန်လည်ပြုစုပျိုးထောင်ခြင်း ကိစ္စမျိုးတွေ၊ နောက်တခါ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး၊ နောက်တခါ အပြစ်ပေး အရေးယူခြင်းဆိုင်ရာ ဥပဒေတွေ ပြောင်းလဲရေးဆိုတဲ့ ကိစ္စမျိုးတွေ ကျနော်တို့ အများကြီး ဆက်လုပ်ရဦးမှာပါ။” နောက်တခုရှိတာက နိုင်ငံရေးအကျဉ်းသား ဆိုတဲ့အခါမှာ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ မမြင်ရတဲ့ သဘောတွေပေါ့နော်။ သူတို့ရဲ့ စိတ်ခံစားမှုတွေတော့ အများကြီးရှိတာပေါ့နော်။ အဲ့ဒီခံစားချက်တွေကိုကော ဒီ အေအေပီပီအနေနဲ့ ဘယ်လိုမျိုး ပြုပြင်ဆောင်ရွက်ပေးမလဲ။ “လောလောဆယ် စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး အစီအစဉ်ဆိုတဲ့ ကိစ္စမျိုးတွေ ကျနော်တို့ လုပ်နေတာရှိပါတယ်။ အဲ့ဒါက ခုနကပြောတဲ့ စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာရထားတဲ့  လူတွေရဲ့ ဝေဒနာတွေကို ကျနော်တို့ တတ်နိုင်သလောက် ကုပေးဖို့၊ ပြန်ပြီးတော့ နဂိုအနေအထား ပြန်ရောက်အောင်လို့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး အစီအစဉ်တွေ ကျနော်တို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ နောက်တခါ ကျနော်တို့ တကယ်တမ်း ဒါမျိုးတွေ ကုသဖို့ဆိုရင်တော့ ဥပမာ သူတို့ရဲ့ ဝေဒနာတွေကို ဆေးကြောနိုင်ဖို့အတွက် ခုနကပြောတဲ့ ကျူးလွန်တဲ့သူက ပြန်တောင်းပန်တဲ့ ကိစ္စမျိုးတွေဆိုရင် သူတို့အနေနဲ့ တစုံတရာ၊ စိတ်ပိုင်းဆိုင်ရာအရ ဒီဒဏ်ရာတွေ လျော့ကျသွားနိုင်တယ်။ နောက်တခါ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် သူတို့ဘ၀ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အစီအစဉ်တွေ ကျနော်တို့ ဖန်တီးပေးချင်တယ်။ ဥပမာ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုတဲ့ ကိစ္စမျိုးတွေကို သင်တန်းမျိုးတွေကို ပေးသင့်တယ်။ အလုပ်အကိုင် ရှာဖွေပေးတဲ့ ကိစ္စမျိုးတွေ ကျနော်တို့ လုပ်ပေးသင့်ပါတယ်။ နောက်တခါ ထောင်ကျတဲ့အချိန်မှာ သူတို့ရဲ့ သားသမီးတွေ၊ သူတို့ရဲ့ မိသားစုတွေ ပညာရေး၊ ကျန်းမာရေး နိမ့်ကျခဲ့တာတွေ ရှိပါတယ်။ ကျောင်းဆက်မတက်နိုင်တဲ့ ကိစ္စတွေ ရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး ကင်းကွာနေတဲ့ ကိစ္စတွေပေါ့။ ဒါတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ လိုပါတယ်။” မြန်မာတနိုင်ငံလုံးပေါ့နော်၊ နိုင်ငံရေးအကျဉ်းသား ထောင်ထဲမှာ ဘယ်လောက်ရှိနေသေးလဲ။ ဘယ်လောက်ထိ တရားရင်ဆိုင်မှု ရှိနေသေးလဲခင်ဗျ။ “ကျနော်တို့ အေအေပီပီက စာရင်းအရဆိုရင် လောလောဆယ် နိုင်ငံရေးအကျဉ်းသားက ၉၉ ဦး ရှိပါတယ်။ တရားရင်ဆိုင်နေရတဲ့ လူတွေက ၄၂၁ ဦး ရှိပါတယ်။ ဒီလူတွေက ဘာ့ကြောင့် ဆက်ရှိနေသေးလဲ ဆိုတာကတော့ အဓိက အစိုးရတခုနဲ့တခု အပြောင်းအလဲမှာ လုပ်ပိုင်ခွင့် ပြဿနာတွေ ရှိမှာပါ။ ဥပမာဆိုရင် အဓိက ဖမ်းတဲ့သူက ပြည်ထဲရေးက အဓိကဖမ်းတာ ဖြစ်ပါတယ်။ တရားလိုကလည်း ပြည်ထဲရေး ဖြစ်ပါတယ်။ ဆိုတော့ အစိုးရဆိုပေမယ့်လည်း ပြည်ထဲရေးက ဖမ်းတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ ပြည်ထဲရေးနဲ့ ဘယ်လောက်ထိ ပူးပေါင်းပြီး လုပ်ဆောင်နိုင်မလဲ။ အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနကို ဘယ်လောက်ထိ သြဇာလွှမ်းမိုးနိုင်မလဲဆိုတဲ့ ကိစ္စတွေက အရေးကြီးပါတယ်။ လောလောဆယ်တော့ ဒီအစိုးရဆီမှာလည်း စိန်ခေါ်မှုတွေ အများကြီး ကြုံနေရဦးမှာပါ။ သို့ပေမယ့်လည်း ဒါတွေက သမ္မတရဲ့ အမိန့်နဲ့ဆိုပြီးတော့ အကျဉ်းကျထားတဲ့သူတွေကို လွှတ်ပေးလို့ရတယ်။ နောက်တခါ တရားစွဲတယ်ဆိုတဲ့ ကိစ္စကလည်း ပြည်ထဲရေးဝန်ကြီးဌာနက တရားစွဲတယ်။ သို့ပေမယ့် ဒါတွေကလည်း အစိုးရတရပ်ပါပဲ။ ဆိုတော့ ဒီအစိုးရရဲ့ လက်အောက်ခံ အဖွဲ့အစည်းတခုက တရားစွဲထားတဲ့အတွက် စွဲထားတဲ့ စွဲဆိုမှုတွေကို အချိန်မရွေး ပြန်ရုပ်သိမ်းလို့ ရပါတယ်။ ဒီနည်းနဲ့လည်း လွှတ်ပေးလို့ရပါတယ်။” ဒီနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ။ အစိုးရသစ်တက်လာပြီ ဆိုတော့ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လိုဖြစ်သင့်လဲ။ “နိုင်ငံရေးအကျဉ်းသားတွေကတော့ ဒီအစိုးရလက်ထက်မှာတော့ ဘာပဲပြောပြော တယောက်မကျန် လွတ်သင့်ပါတယ်။ လွတ်ရုံတင်မကပါဘူး၊ အရင်တုန်းကတော့ လွှတ်တယ်ဆိုတဲ့ ကိစ္စမှာ ကျနော်တို့ နှောင်ကြိုးတွေရှိပါတယ်။ ဥပမာ ဒီ ၄၀၁(ခ) နဲ့ (ဂ) နဲ့ လွှတ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ အခုအခြေအနေမှာတော့ ဒီ နှောင်ကြိုးမဲ့ လွှတ်သင့်ပါတယ်။ လွှတ်ရုံတင်မကဘူး၊ အပြင်ပြန်ရောက်တဲ့အခါမှာ ဒီကနေ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခင်းအကျင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဘေးကင်းလုံခြုံစွာနဲ့ ပါဝင်နိုင်ဖို့အတွက်လည်း စီစဉ်ပေးဖို့ လိုပါတယ်။” နောက်တခုကတော့ အေအေပီပီ တည်ထောင်ခဲ့တာ ၁၆ နှစ်တောင် ပြည့်သွားပြီပေါ့နော်။ ၁၆ နှစ်ပြည့်လာတဲ့ အေအေပီပီမှာ အောင်မြင်မှုတော့ အများကြီး ရှိမှာပေါ့နော်။ အားနည်းချက်လည်း ရှိမှာပဲ။ အမှတ်တရ တခုပြောမယ်ဆိုရင် ဒီ ၁၆ နှစ်အတွင်း ဘာပြောမလဲ။ “၂၀၀၉ ခုနှစ်တုန်းက world wide campaign ဆိုတဲ့ နိုင်ငံတကာ campaign တခုကို ကျနော်တို့ တကမ္ဘာလုံးဆိုင်ရာ campaign တခုကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက်ပေါ့။ အဲ့ဒီမှာ ကျနော်တို့ ၇၃ ရက်တာ လှုပ်ရှားမှုမှာ ကျနော်တို့ ဒီ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆန္ဒပြု လက်မှတ်ပေါင်း ၇ သိန်းကျော် ရခဲ့ပါတယ်။ ဒီ ၇ သိန်းကျော်ကို ကုလသမဂ္ဂကို ကျနော်တို့ အပ်နှံနိုင်ခဲ့တယ်။ ဒါကတော့ ကျနော်တို့ အမှတ်တရတခုပါ။ နောက်တခုကတော့ ကျနော်တို့အတွက် တချိန်တုန်းကပေါ့၊ ကျနော်တို့ အေအေပီပီအတွက် ဒီ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီခဲ့တဲ့ကိစ္စလေး၊ သတင်းအချက်အလက်ကောက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထဲမှာ ကျနော်တို့ကူညီခဲ့တဲ့ လူ ၃ ယောက် ဖမ်းဆီးခံခဲ့ရတာမျိုးတွေ ရှိပါတယ်။ ဒီအတွက်လည်း ဒီလူတွေကို ကျနော်တို့ ဂုဏ်လည်းဂုဏ်ပြုတယ်။ နောက်တခါ ဒီလူတွေအတွက်လည်း စိတ်မကောင်းဘူး။ တပြိုင်တည်းမှာပဲ ကျနော်တို့အနေနဲ့ ချီးကျူးဂုဏ်ပြုပါတယ်။” လက်ရှိအစိုးရသစ်တော့ ပေါ်ပေါက်လာပြီ။ အရင်အစိုးရက စာသင်နေတဲ့ ကျောင်းသားတချို့၊ လမ်းပေါ်ထွက်တဲ့ ကျောင်းသားတချို့ပေါ့နော်၊ ဖမ်းဆီးပြီးတော့ တရားစီရင်တယ်။ ဒီကျောင်းသားတွေဟာ ဘယ်လိုဖြစ်သင့်လဲ။ ဒီအစိုးရလက်ထက်မှာ။ “သဘောသဘာဝအရဆိုရင်တော့ ကျောင်းသားတွေဆိုတာ စာသင်ခန်းထဲမှာ ရှိနေရမှာပါ။ ထောင်ထဲမှာရှိနေတယ်ဆိုတဲ့ ကိစ္စကိုက အုပ်ချုပ်တဲ့ အစိုးရကို အများကြီး ထိခိုက်စေပါတယ်။ ဆိုတော့ ဒီ လက်ရှိအစိုးရ အနေနဲ့လည်း ကျောင်းသားတွေအတွက် စာသင်ခန်းထဲကို အမြန်ဆုံးရောက်အောင်လို့ ကြိုးစားပေးသင့်တယ်။ နောက်တခါ ကျောင်းသားတွေ ဖြစ်စေချင်တဲ့ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ကိစ္စမျိုးတွေကိုလည်း ကျောင်းသားတွေရဲ့ အသံတွေကို အစိုးရကနေပြီးတော့ နားထောင်သင့်တယ်၊ ညှိနှိုင်းသင့်တယ်၊ ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်မြင်ပါတယ်။” လက်ရှိအစိုးရသစ်မှာပေါ့နော်၊ မြန်မာနိုင်ငံမှာဆိုရင်တော့ ပြည်ထဲရေးဌာန ရှိတယ်ပေါ့နော်။ ဒီအစိုးရသစ်နဲ့ ပြည်ထဲရေးဌာနနဲ့ ဘယ်လောက်ထိ ပူးပေါင်းအလုပ်လုပ် ဆောင်ရွက်နိုင်မယ်လို့ ထင်လဲ။ “ပြည်ထဲရေးဌာနဆိုတာလည်း အစိုးရအဖွဲ့ထဲမှာ ပါနေတာပါပဲ။ သို့ပေမယ့်လို့ ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ တိုက်ရိုက်ခန့်ထားရတဲ့အထဲမှာ၊ ၀န်ကြီးဌာန ၃ ခုထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနလည်း ပါနေတယ်ဆိုတော့၊ တချို့ လုပ်ပိုင်ခွင့်တွေက ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားလွှမ်းမိုးမှု၊ ချုပ်ကိုင်မှုတွေ အများကြီးရှိနေသေးတာကို၊ ရှိနေနိုင်သေးပါတယ်။ ဆိုတော့ ဒါတွေကို အစိုးရအနေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ၊ ချုပ်ကိုင်မှုအောက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ရှိနေတယ်ဆိုရင်တော့ ဒီကိစ္စတွေက ကျနော်ထင်ပါတယ် အမြန်ဆုံး ပြေလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။ လောလောဆယ်ကာလမှာတော့ လက်ရှိအစိုးရကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးတလည် ကြိုးစားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တခါ ကျနော်တို့ တရားစီရင်ရေးကဏ္ဍမှာ၊ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လာရင်တော့ တစ်အချက် တရားစီရင်ရေးကဏ္ဍကို အရင်ဆုံးကြည့်ရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ တရားစီရင်ရေးအောက်မှာ ရှိနေဖို့လိုပါတယ်။ အခုဆိုရင် ကျောင်းသားတယောက်ကို အမှု ၁၀၀ လောက်ထိ ဖွင့်ထားတယ်။ မြို့နယ်တိုင်းတွေက ဖွင့်ထားတယ်ဆိုတာ ဒါ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါကြောင့်မို့လို့ ကျနော်တို့က တရားစီရင်ရေးကိစ္စက စပြီးတော့ တရားမျှတဖို့၊ တကယ့်ကို လွတ်လပ်ဖို့လည်း လိုတယ်။ တရားမျှတဖို့လည်း လိုတယ်။ ပွင့်လင်းမြင်သာဖို့လည်း လိုပါတယ်။ တရားစီရင်ရေး ပြီးတဲ့အခါမှာ အကျဉ်းထောင်ထဲကို ရောက်သွားတဲ့ အခါမှာလည်း အုပ်ချုပ်တဲ့လူတွေက လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုပါတယ်။ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်၊ လူသားတယောက်ရဲ့ ရပိုင်ခွင့်ကို မဖြစ်မနေ လေးစားလိုက်နာဖို့ လိုပါတယ်။” ဒီဗွီဘီကနေတဆင့် ကျနော်မေးတဲ့အထဲမှာ မပါဘဲနဲ့ သီးခြား ဘာပြောကြားချင်တာရှိလဲ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့။ “ဒီ လက်ရှိအစိုးရအနေနဲ့ကတော့ အရင်ဆုံးလုပ်နိုင်တယ် ဆိုတဲ့ကိစ္စပေါ့။ အခုဆိုရင် ရက် ၁၀၀ စီမံကိန်းလေး လုပ်နေတာလည်း ရှိပါတယ်၊ လက်ရှိအစိုးရက။ ကျနော်တို့အနေနဲ့က ဒီ ရက် ၁၀၀ အတွင်းမှာ ဒီ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ဘယ်လိုဖြစ်ဖြစ် ကြိုးပမ်းသင့်တယ်လို့ မြင်တယ်။ ပထမဦးဆုံးအဆင့်အနေနဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာအရ လွှတ်ပေးလိုက်တာလည်းကောင်း၊ နောက်ဆက်တွဲအနေနဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ မရှိအောင်လို့၊ မဖြစ်အောင်လို့ အခုနိုင်ငံရေးလှုပ်ရှားတဲ့ သူတွေအတွက် သီးသန့်လုပ်ထားတယ်လို့ ပြောလို့ရမယ့် ပုဒ်မတွေကို၊ ကျနော်တို့ ပြည်သူတွေကို အကျိုးမပြုတဲ့ ပုဒ်မတွေကို ပြန်ပြီးတော့ စိစစ်သင့်တယ်၊ ပြင်ဆင်သင့်တယ်၊ ပယ်ဖျက်သင့်တဲ့ ကိစ္စတွေကိုလည်း ပယ်ဖျက်သင့်ပါတယ်။ ရက် ၁၀၀ အတွင်းမှာ ဒါမျိုးတွေကိုတော့ လုပ်နိုင်ဖို့အတွက် ကျနော်တို့ တိုက်တွန်းလိုပါတယ်။” စောဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024