Home
မြန်မာသတင်း
ဝန်ကြီးသစ်နှင့် ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် အမည်စာရင်းလွှတ်တော်၌ တင်သွင်း
နော်နိုရင်း
·
April 4, 2016
နိုင်ငံတော်သမ္မတ ဦးထင်ကျော် အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီးသစ်တွေနဲ့ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တွေရဲ့ အမည်စာရင်းတွေကို ဒီကနေ့ ဧပြီ ၄ ရက်နေ့ မနက် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြသွားပါတယ်။ ပညာရေးဝန်ကြီးအဖြစ် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးသိမ်းကြီးနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ် စွမ်းအင် အမြဲတမ်းအတွင်းဝန် ဦးဖေဇင်ထွန်းတို့ကို သမ္မတက အဆိုပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းကို ခန့်အပ်သင့်ကြောင်း သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြလိုက်ပါတယ်။ သမ္မတက တင်သွင်းတဲ့ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦးဟာ အရင်အစိုးရ လက်ထက်က ဒုတိယ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ရှေ့နေအချုပ်အဖြစ် အဆိုပြုတာပါ။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကတော့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးကို အခုလို တာဝန်တွေခန့်အပ်ဖို့ တင်သွင်းတာဟာ အင်မတန် ထိုက်တန်တဲ့ပုဂ္ဂိုလ် တွေဖြစ်တယ်လို့ လက်ရှိ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါ တယ်။ “အန်ကယ်တို့တော့ အင်မတန်ကြိုဆိုထောက်ခံပါတယ်။ ဆရာဦးမော်သန်းက အန်ကယ်တို့ အင်မတန်လေးစားရတဲ့ ပုဂ္ဂိုလ်ဘဲလေ။ ရာထူးတာဝန်နဲ့ ဆရာအင်မတန်မှ ထိုက်တန်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ဆရာဦးထွန်းထွန်းဦးကလည်း အန်ကယ်တို့လွှတ်တော်မှာ လာဖြေကြားတာတွေ၊ ဆက်ဆံတာတွေကြည့်တဲ့အခါမှာ ဆရာဟာ ထိုက်တန်တဲ့ ပုဂ္ဂိလ်လို့ ယူဆပါတယ်။ သူလွန်ခဲ့တဲ့ကာလပေါ့ အန်ကယ်တို့ လွတ်တော်ကိုယ်စားလှယ်အဖြစ်ရှိတဲ့ ကာလမှာ ကြည့်ရတဲ့ လုပ်ဆောင်ချက်တွေအရတော့ အားရကျေနပ်စရာကောင်းပါ တယ်။” သမ္မတက အဆိုပြုထားသူတွေကို ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီကနေ့ ညနေ ၆ နာရီ နောက်ဆုံးထား အမည်စာရင်းတင်သွင်းရမှာ ဖြစ်ပြီး မနက်ဖြန် လွှတ်တော်မှာ ကန့်ကွက်ဆွေးနွေး အတည်ပြုချက်ရယူရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024