အယ်လ်နီညို ရာသီဥတုကြောင့် ထိုင်း ကြံစိုက်တောင်သူများ မိုးခေါင်မှု ရင်ဆိုင်ရ

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံတလွှား အယ်လ်နီညို ရာသီဥတု သက်ရောက်နေလို့ နိုင်ငံတွင်း အဆိုးရွားဆုံး မိုးခေါင်မှုတွေထဲက တရပ်ကို ကြံစိုက်တောင်သူတွေ ရင်ဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့ဈေးကွက်ကို သကြားတင်ပို့မှုဟာ ဒီနှစ်မှာ မနှစ်ကထက် ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ ဒီနှစ်စိုက်ပျိုးတဲ့ ကြံပင်ငယ်တွေ ပျက်စီးခဲ့လို့ နောက်နှစ်မှာ အခြေအနေ ပိုဆိုးမှာကို ကြံစိုက်တောင်သူတွေ စိုးရိမ်နေကြပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် သေကုန်တဲ့ ကြံပင်တွေကို နောက်နှစ်မှာ ပြန်စိုက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ ဒီနှစ်မှာ မိုးခေါင်မှုကြောင့် အထွက်နှုန်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ ဆုံးရှုံးတယ်လို့ ထိုင်းနိုင်ငံအလယ်ပိုင်း ရတ်ခ်ျဘူရီမှ ကြံစိုက်တောင်သူတွေက ပြောပါတယ်။ မိုးခေါင်လို့ အပင်ဆုံးရှုံးမှုကြောင့်တင် နစ်နာတာ မဟုတ်ပါဘူး၊ ခြောက်သွေ့တဲ့ အခြေအနေကြောင့် တူညီတဲ့ သကြားပမာဏကို ရဖို့ ကြံချက်စက်ရုံတွေက ကြံကို ပိုကြိတ်ရတဲ့အတွက် လယ်သမားတွေဟာ ကြံတတန်ကို ရတဲ့ငွေ ပိုနည်းသွားခဲ့ပါတယ်။ ဒီနှစ်အတွက် စိုက်ထားတဲ့ ကြံပင်တွေ ၈၀ ရာခိုင်နှုန်း သေကုန်လို့ လာမယ့်နှစ်မှာ အခြေအနေ ပိုဆိုးမယ်လို့ ကြံစိုက်တောင်သူ တဦးက ပြောပါတယ်။ ရတ်ခ်ျဘူရီခရိုင်က အလတ်စား သကြားစက်ရုံတရုံဟာ ခါတိုင်းရဲ့ လေးပုံတပုံပဲ လုပ်ငန်းလည်ပတ်နိုင်တယ်လို့ စက်ရုံမန်နေဂျာက ပြောပါတယ်။ ဒီစက်ရုံဟာ တရက်ကို ကြံတန်ချိန် ၁၄၀၀၀ ကြိတ်နိုင်ပါတယ်။ ဈေးကွက်ဝယ်လိုအား ရှိပေမယ့် ရောင်းနိုင်စွမ်း ကျဆင်းလို့ ပစ်မှတ်ကို မပြည့်မီနိုင်ဘူး၊ ကြံတန်ချိန် ၃ သိန်းလောက် ကြိတ်ခွဲနိုင်စွမ်း ဆုံးရှုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ပရာဆုမ် သကြားချက်စက်ရုံက ငွေကြိုယူထားတဲ့ ကြံစိုက်တောင်သူ ၄၀၀ ထဲက အယောက် ၃၀ လောက်က အထွက်နှုန်းကျတဲ့အတွက် အကြွေးပိကုန်တာပါ။ စစ်အစိုးရက အမတော်ကြေး လျှော့ချပြီး နိုင်ငံတွင်း စပါးတွေ စုပုံနေမှု လျှော့ချဖို့ စပါးစိုက် လယ်သမားတွေကို ကြံပြောင်းစိုက်ဖို့ အားပေးခဲ့ပါတယ်။ ဒါကြောင့် ရတ်ခ်ျဘူရီခရိုင်က လယ်သမားတွေက ၂ ဆ ထိခိုက်နစ်နာခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up