Home
မြန်မာသတင်း
သမ္မတသစ်ဦးထင်ကျော် အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်တိုင်းအစိုးရအဖွဲ့များ ကျမ်းကျိန်မည်
ရွှေအောင်
·
March 24, 2016
မတ်လ ၃၀ ရက် ပြည်ထောင်စုလွှတ်တော်တွင်း သမ္မတသစ်ဦးထင်ကျော် ကျမ်းကျိန်တဲ့နေ့မှာပဲ ပြည်နယ်တိုင်းအသီးသီးက လွှတ်တော်တွေမှာလည်း ပြည်နယ်တိုင်းအစိုးရအဖွဲ့အသီးသီးက ကျမ်းကျိန်ကြမှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဗဟိုက သူတို့ကို ၂၇ ရက်မှာ ဖွင့်ဖောက်ရ မယ့် စာအိတ်တလုံးပေးလိုက်ပြီး ၃၀ ရက် ကျမ်းကျိန်ရမယ့်ကိစ္စ မှာလိုက်တယ်လို့ ပြောပါတယ်။ “၂၈ မှာ ၀န်ကြီးချုပ် ကြေညာမယ်ဆိုတာတော့ ကျနော် မသိသေးဘူး။ သို့သော် ၂၇ မှာ စာအိတ်ဖွင့်ပြီးရင် ၃၀ မှာ ပြည်နယ်တိုင်းတွေ အားလုံးမှာ အစိုးရအဖွဲ့တွေ ကျမ်းကျိန်မယ်။ အဲ့ဒါတော့ သိတယ်။ ၃၀ မှာ အဲ့လိုလုပ်ဖို့ မှာလိုက်တယ်။” ၂၀၁၀ ရန်ကုန်တိုင်းလွှတ်တော်မှာ တက်ရောက်ခဲ့တဲ့ ဒေါက်တာညိုညိုသင်းက သူတို့တုန်းကလဲ မတ်လ၃၀ရက်မှာ ပြည်ထောင်စုအစိုးရနဲ့အတူ တပြိုင်ထဲ ကျမ်းကျိန်ခဲ့ကြတယ်လို့ ပြောပါတယ်။ မတ်လ ၂၈ရက်မှာ ပြည်နယ်တိုင်းလွှတ်တော်အသီးသီးက ပြည်နယ်တိုင်းဝန်ကြီးချုပ် အသီးသီးကို ရွေးချယ်တင်မြှောက်ကြဖို့ ရှိပါတယ်။ အန်အယ်လ်ဒီကတင်မယ့် ပြည်နယ်တိုင်းဝန်ကြီးချုပ်အဖြစ် ရေပမ်းစားနေသူတွေထဲ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဦးမန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဒေါ်နန်းခင်ထွေးမြင့် စတဲ့သူတွေ ပါဝင်ပါတယ်။ အဖွဲ့ချုပ်ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်ကတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို အန်အယ်လ်ဒီက အမတ်တွေကိုပဲ ဦးစားပေးရွေးချယ်မှာဖြစ်ပြီး ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကိုတော့ တခြား တိုင်းရင်းသားပါတီက အမတ်တွေကို ရွေးချယ်ကောင်းရွေးချယ် နိုင်တယ်လို့ မီဒီယာကို ထုတ်ပြောထားပါတယ်။ ရခိုင်နဲ့ရှမ်းပါတီကြီးတွေကတော့ သူတို့ပါတီကိုယ်စားလှယ်တွေကိုပဲ ၀န်ကြီးချုပ်နေရာပေးဖို့ တောင်းဆိုထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024