Home
မြန်မာသတင်း
တကျော့ပြန်စစ်ပွဲစကတည်းက တပ်မဟာ ၆ ဖွဲ့ခဲ့တာလို့ ကေအိုင်အို တုံ့ပြန်
DVB
·
March 9, 2016
ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) တပ်မဟာ ၆ ဖွဲ့စည်းခြင်းနဲ့ပတ်သက်လို့ ကန့်ကွက်ချက်တွေအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့က တကျော့ပြန်စစ်ပွဲ တွေကြောင့် ဖွဲ့စည်းခဲ့တာလို့ တုံ့ပြန်ရှင်းလင်းပါတယ်။ ကေအိုင်အေတပ်မဟာ ၆ ဖွဲ့စည်းမှုအပေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီက ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ၊ ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့က မတ်လ ၃ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဒီအပေါ် ကေအိုင်အိုက တုန့်ပြန်ရာမှာ ၂၀၁၁ ခုနှစ်ဇွန်လ ၉ ရက်နေ့မှာ မြန်မာ့ တပ်မတော်ကစတင်တဲ့တိုက်ပွဲက အစပြုပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ ယနေ့ထိတိုက်ပွဲတွေဖြစ်နေကြောင်း၊ ဒီလို တကျော့ပြန်စစ်ပွဲတွေရဲ့ လိုအပ်ချက်ကြောင့် ကေအိုင်အေတပ်မဟာ ၆ အား ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။ ဒါကြောင့် အဆိုပါ ၂ ဖွဲ့က ထုတ်ပြန်သလို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဖွဲ့စည်းတာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ်တွေနဲ့ လိုက်လျောညီထွေ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကေအိုင်အိုအဖွဲ့က ကချင်ပြည်နယ်လူထုအခြေပြု ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှုကို မှန်ကန်တဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ချီးကျူးခဲ့ပါတယ်။ ဒီအဖွဲ့ကို အစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ပံ့ပိုးကူညီ ပေးကြဖို့နဲ့ ကေအိုအိုကလည်း မူးယစ်ကင်းစင်ရေးလုပ်ငန်းတွေမှာ လက်တွဲဆောင်မယ်လို့ ဖော်ပြပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ် စစ်ကောင်စီလက်ထက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024